လွိုင်တောင်းတွင် တပ်စခန်းဆောက်ရန် အစိုးရ တပ်ထံ ဝါး တချို့တစ်ဝက် ပို့ဆောင်ပြီး

လွိုင်တောင်းတွင် တပ်စခန်းဆောက်ရန် အစိုးရ တပ်ထံ ဝါး တချို့တစ်ဝက် ပို့ဆောင်ပြီး
Photo by ဒေသခံတစ်ဦး
Photo by ဒေသခံတစ်ဦး

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွိုင်တောင်းတောင်ပေါ်တွင် အစိုးရ တပ်စခန်း တည်ဆောက် ရန် အတွက် သစ်၊ ဝါး အလုံးရေ ၁၀၀၀ ဆင့်ဆိုထားရာ တချို့တစ်ဝက်ကို ပို့ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့သည် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS/SSA က လွိုင်တောင်းတပ်စခန်းမှ ဆုတ်ခွာခဲ့သည်။

လက်ရှိ အဆိုပါတပ်စခန်းတွင် အစိုးရ တပ်မတော်  တပ်စွဲထားရာ တပ်စခန်းအသစ်ပြန်ဆောက်ရန် အတွက် ဟမ်းငိုင်းကျေးရွာ အုပ်စု နှင့် ဟိုခဲကျေးရွာ အုပ်စု ဒေသခံများကို ဝါး အလုံးရေ ၁၀၀၀ ဆင့်ဆိုထားပြီး ဒေသခံများ၏ မော်တော်ယာဉ်များကိုလည်း ချောဆွဲခြင်း၊ ရွာသားများကို ရိက္ခာများပို့ဆောင်ပေးစေခြင်းစသည်တို့ပြုလုပ်နေကြောင်း ဒေသခံများ ကပြောသည်။

“ ကျနော်တို့ ဟိုခဲကျေးရွာမှာတော့ အခု ဝါး အလုံးရေ ၆၀၀ ပို့ထားပြီးပြီ။ အခု ၄၀၀ ကျန်သေးတယ်။ ဝါးတွေခုတ်ရ၊ ပို့ရတာတော့ မလွယ်ဘူး။ လူအင်အား အရမ်းသုံးရတယ်” ဟု ဟိုခဲကျေးရွာမှ စိုင်းဆမ် က ပြောသည်။

ကျန်ရှိနေသေးသည့် ဝါး ၄၀၀ ကို လက်ရှိတွင် ခုတ်နေကြကြောင်း၊ မည်သည့်ရက် သွားပို့နိုင်မည်ကို မသိရှိသေးကြောင်း၊ တောတောင်များအတွင်း ဝါးရှာခုတ်ရသည့်အတွက် အချိန်ကုန် လူပန်းကြရကြောင်း စိုင်းဆမ် က ဆိုသည်။

ထို့ပြင် အစိုးရ တပ်မတော်မှ စစ်သားများ လိုအပ်သည့် ရိက္ခာများ ဝယ်ရန် နှင့် တပ်စခန်း အတွက် အသုံးလို ပစ္စည်းများ သယ်ယူရန် တစ်ရက်လျှင် မော်တော်ယာဉ် ၇ စီး  ကျေးရွာမှ ထပ်မံ ပို့ပေးနေရကြောင်းလည်း စိုင်းဆမ် က ပြောသည်။

“ သူတို့ ကို တစ်ရက် ကား ၇ စီး ပေးရတယ်။ သူတို့ လိုအပ်တာ သုံးဖို့ ပေးရတာ။ ချောဆွဲသွားတဲ့သဘောပါပဲ” ဟု စိုင်းဆမ် က ထပ်လောင်း ပြောသည်။

ဒေသခံအချို့ကို အစိုးရ တပ်မတော် က ခေတ္တ ခိုင်းရန် ခေါ်ဆောင် သွားသော်လည်း ၁၀ ရက်ကျော်ကြာမှ နေအိမ်ပြန်ရသည့် သူများလည်း ရှိကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

“ လွိုင်တောင်း က စစ်သားတွေကို ရိက္ခာပို့ပေးရတာတွေ၊ သစ်ပို့ပေးရတာတွေရှိတယ်။ ကျနော်တို့ရွာကတော့ သွားမပို့ဘူး။ ဟိုခဲ ရွာကတော့ သွားပို့တယ်။ ကားတွေလည်း ချောဆွဲ၊ လူတွေလည်း ချောဆွဲတယ်” ဟု ကုန်းညောင်ဖာဆား ကျေးရွာ ဒေသခံ စိုင်းဝမ်း က ပြောသည်။

တိုက်ပွဲ အတွင်း အစိုးရ တပ်မတော်  စစ်သားများသည် ကုန်ညောင်ဖာဆားကျေးရွာမှ နေအိမ်များအားလုံးကို ဖောက်ထွင်းကာ ပစ္စည်းများ ၊ စားသောက်ကုန် များမွှေနှောက်ယူဆောင်ကြရာ ပျက်စီးဆုံးရှုံးမှုများကို  ပြန်လျော်ပေးစေလိုကြောင်းလည်း စိုင်းဝမ်းက ဆိုသည်။

လက်ရှိမှာ RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ငြိမ်နေပြီး မတ် ၁၅ ရက် တွင် နှစ်ဘက်ကိုယ်စားလှယ်များ နေပြည်တော် ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံဆွေးနွေးမှုတွင် မိုင်ကိုင်မြို့နယ်တိုက်ပွဲကိစ္စများ ပါဝင်ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်မှာ သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း အစိုးရ တပ်မတော်က စစ်အင်အား တိုးချဲ့မှုများပြုလုပ်နေကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...