သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွိုင်တောင်းတောင်ပေါ်တွင် အစိုးရ တပ်စခန်း တည်ဆောက် ရန် အတွက် သစ်၊ ဝါး အလုံးရေ ၁၀၀၀ ဆင့်ဆိုထားရာ တချို့တစ်ဝက်ကို ပို့ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့သည် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS/SSA က လွိုင်တောင်းတပ်စခန်းမှ ဆုတ်ခွာခဲ့သည်။
လက်ရှိ အဆိုပါတပ်စခန်းတွင် အစိုးရ တပ်မတော် တပ်စွဲထားရာ တပ်စခန်းအသစ်ပြန်ဆောက်ရန် အတွက် ဟမ်းငိုင်းကျေးရွာ အုပ်စု နှင့် ဟိုခဲကျေးရွာ အုပ်စု ဒေသခံများကို ဝါး အလုံးရေ ၁၀၀၀ ဆင့်ဆိုထားပြီး ဒေသခံများ၏ မော်တော်ယာဉ်များကိုလည်း ချောဆွဲခြင်း၊ ရွာသားများကို ရိက္ခာများပို့ဆောင်ပေးစေခြင်းစသည်တို့ပြုလုပ်နေကြောင်း ဒေသခံများ ကပြောသည်။
“ ကျနော်တို့ ဟိုခဲကျေးရွာမှာတော့ အခု ဝါး အလုံးရေ ၆၀၀ ပို့ထားပြီးပြီ။ အခု ၄၀၀ ကျန်သေးတယ်။ ဝါးတွေခုတ်ရ၊ ပို့ရတာတော့ မလွယ်ဘူး။ လူအင်အား အရမ်းသုံးရတယ်” ဟု ဟိုခဲကျေးရွာမှ စိုင်းဆမ် က ပြောသည်။
ကျန်ရှိနေသေးသည့် ဝါး ၄၀၀ ကို လက်ရှိတွင် ခုတ်နေကြကြောင်း၊ မည်သည့်ရက် သွားပို့နိုင်မည်ကို မသိရှိသေးကြောင်း၊ တောတောင်များအတွင်း ဝါးရှာခုတ်ရသည့်အတွက် အချိန်ကုန် လူပန်းကြရကြောင်း စိုင်းဆမ် က ဆိုသည်။
ထို့ပြင် အစိုးရ တပ်မတော်မှ စစ်သားများ လိုအပ်သည့် ရိက္ခာများ ဝယ်ရန် နှင့် တပ်စခန်း အတွက် အသုံးလို ပစ္စည်းများ သယ်ယူရန် တစ်ရက်လျှင် မော်တော်ယာဉ် ၇ စီး ကျေးရွာမှ ထပ်မံ ပို့ပေးနေရကြောင်းလည်း စိုင်းဆမ် က ပြောသည်။
“ သူတို့ ကို တစ်ရက် ကား ၇ စီး ပေးရတယ်။ သူတို့ လိုအပ်တာ သုံးဖို့ ပေးရတာ။ ချောဆွဲသွားတဲ့သဘောပါပဲ” ဟု စိုင်းဆမ် က ထပ်လောင်း ပြောသည်။
ဒေသခံအချို့ကို အစိုးရ တပ်မတော် က ခေတ္တ ခိုင်းရန် ခေါ်ဆောင် သွားသော်လည်း ၁၀ ရက်ကျော်ကြာမှ နေအိမ်ပြန်ရသည့် သူများလည်း ရှိကြောင်း ဒေသခံများပြောပြချက် အရသိရသည်။
“ လွိုင်တောင်း က စစ်သားတွေကို ရိက္ခာပို့ပေးရတာတွေ၊ သစ်ပို့ပေးရတာတွေရှိတယ်။ ကျနော်တို့ရွာကတော့ သွားမပို့ဘူး။ ဟိုခဲ ရွာကတော့ သွားပို့တယ်။ ကားတွေလည်း ချောဆွဲ၊ လူတွေလည်း ချောဆွဲတယ်” ဟု ကုန်းညောင်ဖာဆား ကျေးရွာ ဒေသခံ စိုင်းဝမ်း က ပြောသည်။
တိုက်ပွဲ အတွင်း အစိုးရ တပ်မတော် စစ်သားများသည် ကုန်ညောင်ဖာဆားကျေးရွာမှ နေအိမ်များအားလုံးကို ဖောက်ထွင်းကာ ပစ္စည်းများ ၊ စားသောက်ကုန် များမွှေနှောက်ယူဆောင်ကြရာ ပျက်စီးဆုံးရှုံးမှုများကို ပြန်လျော်ပေးစေလိုကြောင်းလည်း စိုင်းဝမ်းက ဆိုသည်။
လက်ရှိမှာ RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ငြိမ်နေပြီး မတ် ၁၅ ရက် တွင် နှစ်ဘက်ကိုယ်စားလှယ်များ နေပြည်တော် ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံဆွေးနွေးမှုတွင် မိုင်ကိုင်မြို့နယ်တိုက်ပွဲကိစ္စများ ပါဝင်ကြောင်းသိရသည်။
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်မှာ သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း အစိုးရ တပ်မတော်က စစ်အင်အား တိုးချဲ့မှုများပြုလုပ်နေကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။







