စအိုင်ဆူး — ကမ္ဘာတဝှမ်း ကူးစက်ပြန့်နှံ့လာသော ကိုရိုနာဗိုင်းရပ်စ် ( Covid 19) ကြောင့် ထိုင်း-မြန်မာနယ်စပ် မြန်မာ ဒုက္ခသည်စခန်းများသို့ ဝင်ထွက်သွားလာမှုကို မတ်လ ၁၇ရက်က စတင်၍ စိစစ်ကန့်သတ်လျက်ရှိကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံရသူများရှိနေပြီး ဒုက္ခသည်စခန်းများသို့ ပြန့်နှံ့ခြင်းမဖြစ်ပေါ်စေရန် ထိုင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ယခုလို စိစစ် ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ(KRC) အတွင်းရေးမှူး စောပွယ်စေးက ကေအိုင်စီသို့ ပြောသည်။
“အထူးသဖြင့် ကျနော်တို့ ဒုက္ခသည်စခန်းတွေကိုကျတော့ NGO အဖွဲ့အစည်းတွေရဲ့ဝင်ထွက်သွားလာမှုတွေ၊ စခန်းသူစခန်းသားတွေရဲ့ ဝင်ထွက်သွားလာမှုကို ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဝင်ထွက်ကြဖို့ ရှိတာပေါ့။ စခန်းထဲမှာ လူ(၅၀)ထက် ပိုပြီး စုရုံးလို့ မရဘူး။ စခန်းထဲကို ဝင်မယ်ဆိုရင် သတ်မှတ်ထားတဲ့ ဝင်ပေါက်တွေကနေ ဝင်ရမယ်။ စိစစ်ပြီးမှ ပေးဝင်မှာပေါ့နော်။ ခရီးလွန်တဲ့သူတွေ၊ သင်တန်းကျောင်းသွားတဲ့ သူတွေကျတော့ သတ်မှတ်ထားတဲ့နေရာမှာ ပြန်အစိစစ်ခံပြီးမှ ဝင်ခွင့်ပေးမယ်” ဟု ပြောသည်။
ယင်းသို့ ကန့်သတ်ခြင်းကို ရက်သတ္တ နှစ်ပတ်ကြာအထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး စခန်းအသီးသီးမှလည်း သက်ဆိုင်ရာစခန်း တာဝန်ရှိသူများက ညွှန်ကြားချက်စာများ ထုတ်ပြန်ထားကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Covid-19ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO က မတ်လ ၁၂ရက်တွင် သတ်မှတ်ကြေညာလိုက်ပြီးနောက် ကမ္ဘာတဝှမ်း ခရီးသွားလာမှုများကို စီစဉ်ကန့်သတ်မှုများပြုလုပ်လာသလို ထိုင်းနိုင်ငံ၌လည်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ထွက်ပေါက်များကို စိစစ်ကန့်သတ်မှုများ အထူးကြပ်မတ်လာခဲ့သည်။
မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောအောနက်က“ကျနော်တို့ စခန်းမှာ စခန်းအပြင်ဘက်ကို ထွက်နိုင်တဲ့ အပေါက်တွေက အများကြီးပဲ။ ၁၃ ခုလောက် ရှိတာကိုး။ ခိုးထွက်တဲ့ အပေါက်ရောပဲ။ အခုက တရားဝင် ၄ပေါက်လောက်ပဲ ဝင်ထွက်ခွင့် ပေးတော့မယ်။ ဒီရောဂါအပေါ် ကာကွယ်မှုအရဖြစ်စေ၊ သတိပေးမှုအရဖြစ်စေ ညွှန်ကြားမှုတော့ ရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မတ်လ ၁၈ ရက် ညနေထိ ကိုဗစ် ၁၉ အခြေအနေမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ကို ကူးစက်ပြန့်နှံ့လာခဲ့ပြီးကူးစက်ခံရသူပေါင်း တစ်သိန်းကိုးသောင်းကျော် ရှိလာကာ သေဆုံးသူ ၇၉၀၀ ကျော် ရှိနေပြီဖြစ်သည်။
ထိုင်းနိုင်ငံတွင်လည်း ကူးစက်ခံရသူ (၂၀၀)ကျော်ရှိခဲ့ပြီး တစ်ဦး သေဆုံးသွားကြောင်း WHOက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင်လည်း ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ခရီး သွားလာမှုများ၊ လူစုလူဝေးများမပြုလုပ်ရန်နှင့် သင်္ကြန်ပွဲတော်များ၊ ပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ မပြုလုပ်ရန် နိုင်ငံတော် သမ္မတရုံးက မတ် ၁၃ တွင် ထုတ်ပြန်ကြေညာထားသည်။
ထို့အပြင် လက်ရှိဖော်ဆောင်နေဆဲ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အစည်းအဝေး ဆွေးနွေးပွဲများကိုလည်း အဆိုပါကပ်ရောဂါကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က ထုတ်ပြန်ပြောဆိုထားမှုများ ရှိသည်။
ထို့အတူ KNU-ကရင်အမျိုးသားအစည်းအရုံး ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW)ကလည်း Covid 19 ရောဂါ ကူးစက်နိုင်မှု အခြေအနေ၊ ကြိုတင်ကာကွယ်မှုအစီအစဉ်များနှင့်ပတ်သက်၍ ကရင်ပြည်သူများကို အသိပေးအကြောင်းကြားစာတစ်စောင် မတ်လ ၁၇ရက်က ထုတ်ပြန်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကရင်၊ ကရင်နီ(ကယား) ဒုက္ခသည်စခန်း ကိုးခုတွင် ဒုက္ခသည်ပေါင်း ၉၃,၃၁၇ ဦးရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ၂၀၂၀ ဖေဖော်ဝါရီအထိအရေအတွက်ကို ထုတ်ပြန်ထားသည်။







