ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ခေါင်းဆောင် နော်အုန်းလှ ပြန်လည်လွတ်မြောက်

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ခေါင်းဆောင် နော်အုန်းလှ ပြန်လည်လွတ်မြောက်
ဓာတ်ပုံ - နော်အုန်းလှ
ဓာတ်ပုံ - နော်အုန်းလှ

အုပ်မှူးဇော် — မြဝတီမြို့ ရွှေမြစန္ဒီအိမ်ရာစီမံကိန်းနှင့်ပတ်သက်၍ နစ်နာခဲ့သော ပြည်သူများအား ကူညီပေးခဲ့ရာမှ ငြိမ်း/စုစီပုဒ်မ (၂၀) ဖြင့် ထောင်ဒဏ် ၁လ ချမှတ်ခံခဲ့ရသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီး အဖွဲ့ခေါင်းဆောင် နော်အုန်းလှနှင့် နစ်နာသူ ၃ဦး မတ်လ ၁၆ရက်နေ့ နံနက် ၆ နာရီတွင် ဘားအံအကျဉ်းထောင်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

နော်အုန်းလှအနေဖြင့် ကျန်းမာရေးအခြေအနေ ကောင်းမွန်သည်ဟု သိရပြီး ထောင်ထဲတွင် အစစအရာရာ အဆင်ပြေခဲ့သော်ငြား ထောင်ဝင်စာ တွေ့ခွင့် မရရှိခဲ့ကြောင်း နော်အုန်းလှက ပြောသည်။

“ထောင်ထဲမှာ အန်တီ့ကို လာကြည့်မယ့် အန်တီ့မိတ်ဆွေတွေနဲ့လည်း တွေ့ခွင့် မရှိဘူးပေါ့နော်။  ဒါပေမယ့် တစ်လဆိုတော့လည်း မကြာပါဘူး။ ဘာမှ မဖြစ်ဘူးပေါ့နော်။ ဒါပေမဲ့ အန်တီတို့ အခွင့်အရေးအရ ကြည့်မယ်ဆိုရင် ထောင်ဝင်စာ မတွေ့ရဘူးပေါ့နော်။ အစပဲ တွေ့ရတယ်၊ နောက်အပတ်တွေကျတော့ မတွေ့ရတော့ဘူးပေါ့နော်”ဟု ပြောသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မနှင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့်အပေါ် အယူခံဝင်ခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းနှင့်ပတ်သက်၍ နော်အုန်းလှက“ဥပဒနဲ့အညီဆိုရင် ရမယ့်ကိစ္စ တစ်ခုကို ဥပဒေနဲ့အညီ မလုပ်တာက ဌာနဆိုင်ရာတွေလည်း တရားရေးနဲ့အညီ အလုပ်မလုပ်တာလို့ မြင်တယ်”ဟု ပြောသည်။

နစ်နာသည့် ပြည်သူများ၊ မတရားမှု ခံခဲ့ရသူ အမျိုးသမီးများဘက်တွင်   နော်အုန်းလှအနေဖြင့်  ရှေ့ဆက်ပြီးလည်း အကူအညီပေးသွားဖို့ ရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သည့် ကရင်အာဇာနည်နေ့အခမ်းအနားကြောင့် ငြိမ်းစုစီပုဒ်မဖြင့် ထပ်မံ တရားစွဲဆိုခံထားရသည့် အမှုကို ပြီးဆုံးသွားအောင် လုပ်ဆောင်ဖို့ရှိကြောင်း နော်အုန်းလှက ပြောသည်။

“ အန်တီ့အမှုကိစ္စတွေကို ပြီးဆုံးအောင် ဆောင်ရွက်ရမှာ ရှိတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက လုပ်ခဲ့တဲ့ ကရင်အာဇာနည်နေ့ကိစ္စနဲ့ ပတ်သက်တဲ့အမှုကိုလည်း ဆက်သွားမယ်။ အန်တီ့ဘက်က ဥပဒေနဲ့ မညီတာတွေ တစ်ခုမှ မလုပ်ခဲ့တာဖြစ်တဲ့အတွက် ဒီအမှုတွေကို အဆုံးထိ သွားမှာပါ။ ဒီ မြဝတီအမှုကိုလည်း အန်တီ အဆုံးထိ သွားမှာပါ"ဟု သူက ပြောသည်။

နော်အုန်းလှမှာ ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌဖြစ်သည့်အပြင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...