လက်နက်ကြီးကျည် ထိမှန်ထားသူ လူငယ်ကို ကျောက်တော်ဆေးရုံ အချိန်မီ ပို့ဆောင်နိုင်ရေး ကူညီပေးရန် မိသားစု မေတ္တာရပ်ခံ

လက်နက်ကြီးကျည် ထိမှန်ထားသူ လူငယ်ကို ကျောက်တော်ဆေးရုံ အချိန်မီ ပို့ဆောင်နိုင်ရေး ကူညီပေးရန် မိသားစု မေတ္တာရပ်ခံ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကျော်ရွှီပြင်ကျေးရွာတွင် လက်နက်ကြီး ကျည်စ ထိမှန်ထားသည့် လူငယ်တစ်ဦးကို ကျောက်တော်ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ရေး တတ်နိုင်သူများ ကူညီကြရန် မိသားစုများက မေတ္တာရပ်ခံလိုက်သည်။

ဒဏ်ရာရထားသူ မောင်ကျော်မျိုးထွန်း၏ အစ်ကို ကိုထွန်းနိုင်က “ညာဘက်လက်မောင်း ကိုထိပြီး လက်မောင်း ပေါက်ထွက်သွားတယ်။ ဆေးရုံကို ပို့ဆောင်လို့မရပါ။ ရွာက ထွက်ရင် တပ်မတော်က သေနတ်နဲ့ လှမ်းပစ်ပါတယ်။ မီးဝကိုသွားရင်လည်း  လူမြင်ရင် လှမ်းပစ်ပါတယ်။ သွားလို့မရဘူး။ ကျွန်တော့်ညီ က ဒဏ်ရာနဲ့ ကျော်ရွှီပြင် ရွာမှာပဲ ရှိသေးတယ်။ ဒါကြောင့် ကျွန်တော့်ညီ ဆေးရုံပို့နိုင်ရေး အတွက် ကူညီပေးကြဖို့ ပြောလိုပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အသက်(၂၀) အရွယ် မောင်ကျော်မျိုးထွန်းသည် မတ်လ ၁၁ ရက် ညဉ့် ၁နာရီခွဲ၌ နေအိမ်အတွင်း အိပ်နေချိန် ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲ၍ နေအိမ်မီးလောင်သဖြင့် ထွက်ပြေးချိန်တွင် ထပ်မံပစ်ခတ်ခံရမှုကြောင့် လက်မောင်းကို ကျည်စထိမှန်ကာ ထိုသို့ ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း အစ်ကိုဖြစ်သူ ကိုထွန်းနိုင်က ဆက်လက် ပြောဆိုသည်။

“အခုက ကျွန်တော့်ညီလေးဒဏ်ရာကို ထည့်စရာဆေးမရှိလို့ ဆေးဝါရည် ထည့်ပေးထားပါတယ်။ ဆေးဝယ်စရာ နေရာလည်းမရှိတော့ အရမ်းကိုအခက်အခဲ ဖြစ်နေပါတယ်။ စိုးရိမ်နေရပါတယ်” ဟု ၎င်းက ပြောသည်။

ကျော်ရွှီပြင်ကျေးရွာနှင့် မိုင်ဝက်ခန့်အကွာ ကျောက်တန်းနှင့် မုန့်သန်းပြင်ကျေးရွာ ကြားတွင်  မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ယင်းတိုက်ပွဲကြောင့်  ရွာတွင် ကျန်ရှိနေသည့် ကျော်ရွှီပြင် ကျေးရွာသားများ အနေဖြင့်လည်း လက်နက်ကြီးများမကြာခဏ  ကျရောက်ပေါက်ကွဲမှုနေသဖြင့် အထူး စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

 မတ်လ ၁၀ ရက်နေ့ကလည်း အောင်သာယာကျေးရွာ နေအိမ်တစ်လုံးအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၀ အရွယ် အမျိုးသမီးငယ်  မနိုင်နိုင်သန်း ပွဲချင်းပြီး သေဆုံးသလို ကလေးငယ်များ အပါအဝင် ရွာသား  ၇ ဦးဒဏ်ရာရရှိခဲ့သည်။  ကျေးရွာအတွင်း နေအိမ်အချို့လည်းပျက်စီးခဲ့ကြောင်း သိရသည်။

၎င်းပြင် ကျော်ရွှီပြင်ကျေးရွာသို့ စစ်ရှောင်လာသူ မုန့်သန်းပြင်ကျေးရွာမှ ဒေါ်မချေ (၄၀) နှစ် သည်လည်း မတ်လ ၁၁ ညဉ့် ၁ နာရီတွင် လေယာဉ်ပေါ်မှ ပစ်ခတ်သော ကျည်ဆံ ထိမှန်၍ သေဆုံးခဲ့သလို ပြိုင်းတိုင်းမှ အောင်နိုင်ထွန်း (၁၈) နှစ်သည်လည်း မိသားစုနှင့် အတူ စစ်ရှောင်ရန် ထွက်ပြေးလာပြီး သံပုရာထောင့် ကူးတို့ဆိပ်တွင် လှေစောင့်နေစဉ် လက်နက်ကြီး ကျည်ကျစ ထိမှန် သေဆုံးခဲ့သည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...