ကျောက်တော် လောင်းရှည်ကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန် သေဆုံး၊ ရွာသားတစ်ဦး ဒဏ်ရာရ

ကျောက်တော် လောင်းရှည်ကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန် သေဆုံး၊ ရွာသားတစ်ဦး ဒဏ်ရာရ

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် လောင်းရှည်ကျေးရွာမှ အမျိုးသမီး တစ်ဦး မတ်လ ၁၀ ရက် နံနက် ၇ နာရီ မိနစ် ၂၀ ခန့်က ကျည်ဆံထိမှန် သေဆုံးခဲ့သလို ရွာသားတစ်ဦးလည်း ဒဏ်ရာ ရရှိသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ အသက် ၄၀ ကျော်အရွယ် ဒေါ်သန်းစိန်ဖြစ်ပြီး ရင်ဘတ်တွင် ကျည်ဆံထိမှန် သေဆုံးခဲ့ကာ အသက် ၃၀ ကျော် အရွယ် ဦးမောင်တုတ်ချေတွင် ခြေထောက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

လောင်းရှည်ကျေးရွာနေ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်တာလည်း မရှိပါ။ ရွာရဲ့ အရှေ့ဘက် မြစ်တစ်ဘက်ကမ်းက တောင်မှာ စစ်တပ်ရှိပါတယ်။ အဲဒီက ပစ်တာပါ။ သူတို့က တိုက်ပွဲ မဖြစ်ရင်လည်း ပစ်နေတာပါပဲ။ ဒီနေ့လည်း လက်နက်ငယ်နဲ့  အချက်ပေါင်းများစွာ ပစ်ပါတယ်။ အဲဒီမှာ ဒေါ်သန်းစိန် ရင်ဘတ်မှာ ကျည်ဆံထိမှန်ပြီး သေသွားပါတယ်။ နောက်တစ်ယောက် မောင်တုတ်ချေမှာတော့ ခြေထောက်မှာ ဒဏ်ရာရရှိသွားပါတယ်” ဟု ပြောကြားသည်။

ကျေးရွာသား  နောက်တစ်ဦးက “ ကျွန်တော်တို့ လောင်းရှည်ကျေးရွာက ကုလားတန်မြစ်ရဲ့  အနောက်ဘက်ကမ်းမှာ၊ မြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ ရွာရဲ့ အရှေ့ဘက် မြစ်ကမ်းဘေးက တောင်မှာ စစ်တပ် ရှိပါတယ်။ ငန်းတောင်လို့ ခေါ်ပါတယ်။ သူတို့ဆီကပစ်တာပါ။ တစ်ရွာလုံးက လူတွေ မေးကြည့်ပါ။ တပ်ကနေ ပစ်တာပါ။ အိမ်မှာ ထိုင်နေတုန်း ဒေါ်သန်းစိန်ကို ထိသွားတာပါ” ဟု ပြောကြားသည်။

၎င်းပြင် လောင်းရှည်ရွာသားများအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သေနတ်ပစ်ခတ်မှုကို မကြာခဏ ခံနေရပြီး လက်နက်ကြီးကျည်များမှာ ရွာထဲနှင့် ရွာပြင်တွင် မကြာခဏ ကျရောက်ပေါက်ကွဲမှုများ ရှိနေသည်ဟု ၎င်းက ပြောဆိုသည်။

လောင်းရှည်အုပ်ချုပ်ရေးမှူး ဦးအောင်မြကျော်သို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူးက “ မြစ်တစ်ဖက်ကမ်းမှာ ရှိတဲ့ စစ်တပ်က ပစ်တာပါ။ အိမ်မှာ ထိုင်နေတုန်း ဘယ်ဘက်နို့အုံကို ကျည် လာထိပြီး နောက်က ပွင့်ထွက်သွားပါတယ်။ ပွဲချင်းပြီး သေပါတယ်ဆရာ။ အိမ်မှာ ထိုင်နေရင်း လာထိတာပါ။ သူတို့က ခုလိုမျိုး ခဏခဏ ပစ်နေတာရှိပါတယ်။ ဒီနေ့မှာ ရွာက အမျိုးသမီး တစ်ဦး ကျည်ထိပြီး သေဆုံးသလို ယောကျ်ား တစ်ဦးလည်း ခြေထောက်မှာ ဒဏ်ရာ ရရှိသွားပါတယ်” ဟု ပြောကြားသည်။

လောင်းရှည်ကျေးရွာသည် အိမ်ခြေ ၁၅၈ ဆောင်၊ လူဦးရေ ၇၃၈ ယောက်ရှိပြီး ယခုကဲ့သို့ အဖြစ်ဆိုးဖြင့် ကြုံတွေ့လာရသဖြင့် ကျေးရွာသားများအနေဖြင့် ရွာကို စွန့်ခွာရုံမှအပ ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

သေဆုံးသူ ဒေါ်သန်းစိန်တွင် သားသမီး လေးဦးရှိပြီး ခင်ပွန်းဖြစ်သူမှာ မသန်စွမ်းသူ တစ်ဦးဖြစ်ကြောင်း ကျေးရွာသားများက ပြောကြားသည်။

ရွာသားများက တပ်ကနေ ပစ်သည်ဟု ပြောကြားသဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဖုန်းဆက်သွယ်ရာ ဖုန်းကိုင်ဖြေဆိုခြင်း မရှိသေးပါ။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းသို့ ဆက်သွယ်ရာ လောင်းရှည်ရွာမှ အမျိုးသမီး တစ်ဦးသေဆုံးပြီး ယောကျ်ားတစ်ဦး ခြေထောက်တွင် ဒဏ်ရာရရှိခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...