မြောက်ဦးမြို့နယ်တွင် ကျေးရွာအနီး မိုင်းပေါက်ကွဲ၍ မူဆလင် လူငယ်တစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

မြောက်ဦးမြို့နယ်တွင် ကျေးရွာအနီး မိုင်းပေါက်ကွဲ၍ မူဆလင် လူငယ်တစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာကြီးကျေးရွာနှင့် တစ်မိုင်နီးပါးအကွာတွင် မိုင်းပေါက်ကွဲ၍ မူဆလင် လူငယ် ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ဖော်ပြပါကျေးရွာနေ မောင်ဘုချေ (၁၅) နှစ်ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရရှိသွားသည့် ၅ ဦးမှာ ပေါင်းတုတ်ရွာကြီးကျေးရွာနေ ဆော်ဒူလ် (၁၂) နှစ်၊ မြောက်ဦးမြို့နယ် ပလောင်တောရွာသစ်ကျေးရွာမှ အဒူမော်တလော် (၁၆) နှစ်၊ အဒူချကူးလ် (၁၂) နှစ်၊ မာမောတ်ဂူနာပ် (၁၀) နှစ်နှင့် မောင်မောင်ချေ (၁၇) နှစ်တို့ ဖြစ်ကြောင်း ပေါင်းတုတ်ရွာကြီး ကျေးရွာမှ မစုစုက ပြောသည်။

 “ဒဏ်ရာတွေက အရမ်းများပါတယ်။ ခြေထောက်တွေ၊ လက်တွေ၊ ကျောကုန်းတွေမှာ ရသွားကြတာပါ။ ကျွန်မတို့ရွာမှာ ပေါင်းတုတ်ရွာကြီးရယ်၊ ပလောင်တောရွာသစ်ရယ်လို့ နှစ်ခု ရှိပါတယ်။ အဲဒါတွေက တစ်ရွာတည်းဖြစ်ပါတယ်။ ကျွန်မတို့ သိပ်မမြင်လိုက်ရလို့ ဒဏ်ရာပြင်းလားဆိုတာကို မသိလိုက်ပါဘူး။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာပြင်းပါတယ်။ အဲဒီထဲက နှစ်ယောက်ကို မြောင်းဘွေဆေးရုံကို ပို့ထားပါတယ်။ ကျန်တာတွေက ရွာမှာ ဆေးဆရာနဲ့ လောလောဆယ် ကုနေကြပါတယ် ” ဟု မစုစုက နိရဥ္စရာသို့ ပြောသည်။

 မြောက်ဦးမြို့နယ် မြောင်းဘွေဆေးရုံသို့ မောင်မောင်ချေနှင့် ဆော်ဒုလ်ကို သယ်ဆောင်သွားကြောင်း၊ သေဆုံးသူ မောင်ဘုချေကို ကျေးရွာတွင် သင်္ဂြိုဟ်ရန် ပြင်ဆင်နေကြောင်း မစုစုက ဆက်ပြောသည်။

“ပေါက်ကွဲသွားတဲ့ အသံက အရမ်းကြောက်ဖို့ ကောင်းပါတယ်။ ကျွန်မတို့ ကြားလိုက်ရပါတယ်။ သူတို့က နွားကျောင်းသွားတာ။ အဲဒီအနားမှာ ထိုင်နေလို့ အခုလိုဖြစ်သွားတာပါ” ဟု မစုစုက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ နိရဥ္စရာက ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်ကို ၎င်းအနေဖြင့် မသိသေးကြောင်း ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA)  ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းခဲ့ရာ “ပေါင်းတုတ်ဘက်မှာ ဖြစ်တဲ့ ကိစ္စက ကျွန်တော်တို့နဲ့ လုံးဝ ပတ်သက်မှု မရှိဘူး” ဟု ပြောသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...