ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်နှစ်ဦး စစ်တွေမြို့အဝင် ဂိတ်တွင် ဖမ်းဆီးခံရ

ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်နှစ်ဦး စစ်တွေမြို့အဝင် ဂိတ်တွင် ဖမ်းဆီးခံရ

ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အိုင်တင်ကျေးရွာမှ လူငယ်နှစ်ဦးကို စစ်တွေမြို့နယ် ကျောက်တန်းကြီး ကျေးရွာ တံတား စစ်ဆေးရေးဂိတ်တွင် ရဲ နှင့် စစ်တပ် ပူပေါင်းအဖွဲ့များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကိုနေလင်းဌေး(၂၄)နှစ်နှင့် ကိုမောင်စောအေး(၂၈)နှစ်တို့ဖြစ်ပြီး မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင်  ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုများကပြောသည်။

“မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ အိမ်ကထွက်သွားပါတယ်။ ကျွန်မက နေလင်းဌေးရဲ့ အမေပါ။ မောင်စောအေးရဲ့ အစ်မပါ။ သူတို့က တူနဲ့ ဦးရီးတော်ပါတယ်။ ဆိုင်ကယ်နဲ့ သွားကြတာပါ။ သူတို့က အိမ်မှာလယ်လုပ်တယ်။ ကောက်လိုင်းသိမ်းပီးတဲ့ အတွက် ပန်းရံအလုပ် လုပ်ဖို့ သွားကြတယ်။ အဖမ်းခံရတယ်ဆိုပြီး ကြားတယ်။ ကျောက်တန်းကြီးနားမှာပါတဲ့။ ဂိတ်က စောင့်တဲ့ ရဲသားတွေ ဖမ်းတာလို့ပြောသံကြားပါတယ်။ သားသမီးကိုတော့ ကောင်းစေချင်တယ်။ ကိုယ့်အိမ်ကို ပြန်ရောက်စေချင်တယ်။ ဘာတစ်ခုမှ နားမလည်တဲ့ ကလေးတွေပါ” ဟု ကိုနေလင်းဌေး၏ မိခင် ဒေါ်အောင်သန်းနုက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

၎င်းတို့နှစ်ဦးမှာ စစ်တွေမြို့မှ အပြန် ကျောက်တန်းကြီး တံတားတွင် စစ်ဆေးရေး လုပ်နေသော တပ်မတော်အရာရှိများနှင့် ရဲအရာအရှိများရှေ့အရောက် ဆိုင်ကယ်မရပ်ဘဲ မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ကျောက်တန်းကြီးကျေးရွာသားတစ်ဦးက ပြောသည်။

“ကျောက်တန်းတံတားဂိတ်မှာ စစ်ဆေးရေးလုပ်တယ်။ ရဲတွေ၊ လဝကတွေ နဲ့ စစ်သားတွေလည်း ပါတယ်။ အင်အားအများကြီးပါတယ်။ မနက်က လဖက်ရည်ဆိုင်မှာရွာကလူတွေပြောနေကြတာ။ တစ်ရွာလုံးမြင်တယ်။ အဲဒီမှာ သူတို့နှစ်ယောက်က ဆိုင်ကယ်မရပ်ဘဲ ပြေးတယ်လို့သိရတယ်။ သေနတ်ပစ်တော့ တစ်ယောက်ဆီထိတယ်ထင်တယ်။ အဲဒီမှာ တံတားနားမှာ ချောက်ရှိတယ်။ အဲဒီအောက်ကို ကန်ချလိုက်ပြီး ရိုက်ပြီးဖမ်းလိုက်ကြတာ။ ရေသန့်တင်တဲ့ ကားတစ်စီးနဲ့ စစ်တွေမြို့ဖက်ကို တင်သွားတယ်ပြောတယ်” ဟု ကျောက်တန်းကြီး ကျေးရွာသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကို နိရဥ္စရာ သတင်းဌာနက ဆက်သွယ်ရာ ဖမ်းဆီးခံရသူများမှာ ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်မှု ရှိသူများဖြစ်၍ ဖမ်းဆီးခြင်းဖြစ် ကြောင်းပြောသည်။

“အရပ်သားတော့ ဘာလို့ဖမ်းမှာလဲဟာ။ သူပုန်ဖြစ်လို့ ဖမ်းတာပေါ့။ ဆိုင်ကယ်နဲ့မောင်းပြေးတယ်။ ဆိုင်ကယ်နဲ့ ရပ်ခိုင်းတာ မရပ်ဘူး မောင်းပြေးတယ်တဲ့။ မရပ်တော့လိုက်ဖမ်းတယ်။ မိတော့ စစ်တယ်။ စစ်တော့ အဲဒီမှာ မောင်စောအေးတဲ့။ နောက်တစ်ဦးက နေလင်းဌေးတဲ့။ နေလင်းဌေး ဆိုတဲ့ ကောင်လေးဆီက အေအေ ယူနီဖောင်းဝတ်ထားတဲ့ ဓာတ်ပုံတွေ့တယ်တဲ့။ ဖုန်းထဲက” ဟု ဗိုလ်မှူးကြီးမင်းသန့်က အတည်ပြုပြောကြားသည်။

 အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA)ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခထံ ဆက်သွယ်မေးမြန်းရာ ၎င်းတို့ ဌာနချုပ်သို့ မေးမြန်းနေဆဲဖြစ်ကြောင်း ဖြေကြားသဖြင့် ဆက်လက် မေးမြန်းနေဆဲ ဖြစ်သည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...