ဟူးကောင်းဒေသခံများနှင့် ယုဇနကုမ္ပဏီ မြေ အငြင်းပွား

ဟူးကောင်းဒေသခံများနှင့် ယုဇနကုမ္ပဏီ မြေ အငြင်းပွား

ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ဒေသခံများ နှင့် ယုဇန ကုမ္ပဏီတို့ကြား ဖေဖော်ဝါရီ ၁၂ ရက်နေ့ က မြေယာပြဿနာ အငြင်းပွားမှု တစ်ဖန်ဖြစ်ပွားခဲ့သည်။

ဝါရာဇွပ်ကျေးရွာရှိ ဦးဖော်လားလဂျာနှင့် ရှဒူးဇွပ်(အောင်ရာ)ကျေးရွာမှ ဦးလမုန်တန်ဂွန်းတို့ ၂ဦး၏ လယ်ယာမြေကို ယုဇနကုမ္ပဏီဘက်မှ စက်ယန္တရား ဘက်ဟိုးများဖြင့် လာရောက်ထိုးကော်ပေးလိုက်ခြင်းကြောင့် အငြင်းပွားမှုဖြစ်ခဲ့သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (MRJ) ဦးတန်ဂွန်းထံမှ သိရသည်။

ထိုအငြင်းပွားမှုကို နှစ်ဖက်တွေ့ဆုံဖြေရှင်းရန်  ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဝါရာဇွပ်ကျေးရွာအုပ်ချုပ်ရေးရုံး၌ ချိန်းဆိုထားသော်လည်း ဆွေးနွေးမှု မဖြစ်ခဲ့ဟု ဦးတန်ဂွန်းက ယခုလိုပြောသည်။

“ယုဇနကုမ္ပဏီကနေ ဒီတောင်သူ ၂ဦးရဲ့ လယ်ယာမြေကို စက်ယန္တရား ဘက်ဟိုးတွေနဲ့ ဝင်ရောက်ခဲ့တာပေါ့။ အဲကြောင့် သူတို့ချင်းကြား အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြတာပေါ့။ ပြီးရင် ယုဇနကုမ္ပဏီရဲ့ မန်နေဂျာ ကိုယ်တိုင်က အုပ်ချုပ်ရေးရုံးမှာ ဖြေရှင်းကြဖို့ ချိန်းဆိုထားတာဖြစ်တယ်။ အဲဒီမှာ ဒေသခံ ၃၀ကျော်ခန့်က ရောက်လာတော့ သူတို့ဘက်က ဘာမှ ဖြေရှင်းမှုတွေ မလုပ်ဘဲ ပြန်သွားခဲ့တယ်။ ဒီအမှုက ပြန်ပြီး ဖြေရှင်းမှုတွေမလုပ်ရင် အမှုက ဆက်ကြီးသွားဖို့ပဲ ရှိတယ်” ဟု ပြောဆိုသည်။

ဦးဖော်လားလဂျာ၏ လယ်တောအနီးတဝိုက် မြေဧကအချို့နှင့် ဦးလမုန်တန်းဂွန်း၏ မြေ ၅ ဧက ခန့် ဖျက်ဆီးခံခဲ့ရသည်ဟု ပြောသည်။

ရှဒူးဇွပ်(အောင်ရာ)ကျေးရွာတွင် နေထိုင်သည့် ဦးလမုန်တန်ဂွန်းသည် ၎င်း၏ လယ်ယာမြေအတွက် ပြည်နယ်အစိုးရထံမှ တရားဝင် မြေပေစာများ အပြည့်အစုံရရှိထားသော်လည်း ယခုလို ယုဇနကုမ္ပဏီ၏ ဖျက်ဆီးမှုကို ခံခဲ့ရကြောင်း ဆိုသည်။

“ကျနော့်ရဲ့လယ်ယာမြေတွေက အရင်တုန်းကနေ ပြည်နယ်တရားရုံးကနေ တဆင့် ဖားကန့်မြို့နယ် ဦးဉာဏ်ဝင်းကိုယ်တိုင် လယ်၊ မြေ၊ ကုန်မြေကအစ တိုင်းထွာပြီး ထွက်ဆိုပြုလုပ်ထားပေးတာဖြစ်တယ်။ ပြောချင်တာက အခုကျူးကျော်ခံရတဲ့ နေရာတွေက သူတို့ကိုယ်တိုင် မှတ်ချက်ချပြီး ကျေနပ်နပ် ချပေးတဲ့နေရာတွေဖြစ်တယ်။ ဒါတောင်အခုလို ကျူးကျော်ခံရတယ်။ အဲဒါကြောင့် စိတ်မကောင်းဘူး” ဟုပြောဆိုသည်။

ယခုလို ဒေသခံပြည်သူများနှင့် ကုမ္ပဏီတို့ကြား အငြင်းပွားမှု ပြဿနာများ မကြာခဏ ကြုံတွေ့နေရ သောကြောင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ စနစ်တကျ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်နေကြောင်း တောင်းဆိုခဲ့သည်။

ဟူးဟောင့်ချိုင့်ဝှမ်းဒေသတွင် ကျေးရွာ ၂၅ရွာ ရှိပြီး ဒေသခံပြည်သူများ၏ လယ်ယာမြေများကို ၂၀၀၄ခုနှစ် နောက်ပိုင်း နိုင်ငံတော်အစိုးရမှ ကျားထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် ၂၀၀၇ ခုနှစ်တွင် ယုဇနကုမ္ပဏီ ထပ်မံဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် လက်ရှိ ဟူးကောင်းဒေသကျေးရွာ၏ မြေဧက ၄၂၉၃၁၀၂.၉၆ ခန့် သိမ်းဆည်းထားခံနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...