တန်းတူညီမျှအခွင့်အရေးရဖို့ ကရင်လူငယ်အချို့ တောင်းဆို

တန်းတူညီမျှအခွင့်အရေးရဖို့ ကရင်လူငယ်အချို့ တောင်းဆို
ဓာတ်ပုံ - ဆုမြတ်မေဇော်
ဓာတ်ပုံ - ဆုမြတ်မေဇော်

ဆုမြတ်မေဇော် — ကရင်လူမျိုးများ အပါအဝင် တိုင်းရင်းသားတိုင်းတွင် တန်းတူညီမျှ အခွင့်အရေး ရရှိဖို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပသည့် ကရင်အမျိုးသားနေ့အခမ်းအနားမှာ ကရင်လူငယ်များက တောင်းဆိုလိုက်သည်။

ချီတက်တောင်းဆိုမှုတွင်ပါဝင်သည့် ကရင်လူငယ် စသိန်းဇော်မင်းက “ကျွန်တော်တို့ ကျောင်းတက်နေတယ် ဘာစာသင်နေရလဲ ကရင်စာကို တရားဝင် သင်ကြားခွင့်မရဘူး၊ အုပ်ချုပ်ရေးပိုင်းမှာဆိုလည်း ကျွန်တော်တို့ တိုင်း ရင်းသားတွေ ဘယ်မှာ ခေါင်းဆောင်ဖြစ်လဲ ဖြစ်တဲ့သူကျတော့ကော အခွင့်အာဏာမရှိဘူး”ဟု ပြောသည်။

ကရင်လူငယ်များသည် ကရင်အမျိုးသားနေ့အခမ်းအနားကျင်းပသည့် ရန်ကုန်မြို့၊ယုဒသန်ရိပ်သာသို့ စစ်ကြောင်းလေးကြောင်းခွဲကာ  ချီတက်ခဲ့ကြသည်။ထိုသို့ချီတက်ရာတွင် ၁၉၄၈ခုနှစ်မှာ ဖဆပလအစိုးရအား ဆန္ဒပြ  တောင်းဆိုခဲ့သည့်  ပုံစံအတိုင်း ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ ဟုရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင် ကာသ ရုပ်ပြခဲ့ကြသည်။

တက္ကသိုလ်ရိပ်သာလမ်း ၊ အလုံကရင်ခြံ ၊မြေနီကုန်း နဲ့ သမိုင်းလမ်းဆုံ တို့မှစတင်ကာ ယုဒသန် ရိပ်သာဆီသို့ စစ်ကြောင်းလေးကြောင်းခွဲကာချီတက်ခဲ့ကြခြင်းဖြစ်သည်။

တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအား ဦးသိန်းစိန်အစိုးရလက်ထပ်မှာ ပြဋ္ဌာန်းထားခဲ့သော်လည်း နေရာဒေသအလိုက် ကရင်ရိုးရာအခမ်းအနားများ ကျင်းပခွင့်မရသောကြောင့် တန်း တူညီမျှမှု အခွင့်အရေးများ ဆုံးရှုံးနေသည်ဟု ကရင်အမျိုးသားနေ့ အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် မနော်ခင်ခင်ချစ်က ပြောသည်။

“တချို့ဟာတွေဆို ဘယ်ဟာနဲ့ လုပ်ခွင့်မရဘူးဆိုပြီး ပိတ်တယ် ဧရာဝတီတိုင်းမှာလည်း ဖြစ်တယ်၊ ရန်ကုန်မှာလည်း ဖြစ်တယ် ကရင်ပြည်နယ်မှာဘဲ မဖြစ်ဘူးပေါ့ ညီမတို့ ကရင်တွေက ကရင်ပြည်နယ် တစ်ခုထဲ နေနေတာ မဟုတ်ဘူး မြန်မာပြည်အောက်ဘက်မှာ ကရင်တွေချည်းပဲ ကရင်တွေရှိတဲ့ နေရာမှာတော့ ကရင်အခမ်းအနားတွေ လွတ်လွတ်လပ်လပ် ကျင်းပချင်တယ်”ဟု ၎င်းကဆိုသည်။

 တိုင်းအစိုးရရဲ့ခွင့်ပြုချက်မရဘဲ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ကရင်အာဇာနည်နေ့ ခေါင်းစဉ်ဖြင့် ၂၀၁၉ခုနှစ် သြဂုတ်လ ၁၂ရက်နေ့ကအခမ်းအနားကျင်းပခဲ့တာကြောင့် ဦးဆောင်သူ ဒေါ်နော်အုန်းလှ တရားစွဲဆိုခဲ့ရဖူးသည်။

၁၉၄၈ခုနှစ်က မြန်မာတစ်ပြည်လုံးရှိ ကရင်အမျိုးသား၊ အမျိုးသမီး ၄သိန်းကျော်သည် ကရင်ပြည် လိုလာကြောင်း ဖဆပလအစိုးရကို တိုင်းပြည်အနှံ့ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ထိုနေ့ကို ကရင်အမျိုးသားနေ့ အဖြစ် သတ်မှတ် ထားခဲ့သည်မှာ ၇၂နှစ်ရှိပြီ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ကရင်လူမျိူး အများစု နေထိုင်လျှက်ရှိပြီး မြန်မာနိုင်ငံမှာ ကရင်လူမျိုး တစ်သန်းကျော် နေထိုင်လျက်ရှိသည်ဟု ၂၀၁၅ခုနှစ်ကောက်ခံထားသော လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...