ကချင်ခရစ်ယာန်ဓမ္မဆရာ နှစ်ဦးကို ဆက်လက် ထိန်းသိမ်းထားဆဲ

ကချင်ခရစ်ယာန်ဓမ္မဆရာ နှစ်ဦးကို ဆက်လက် ထိန်းသိမ်းထားဆဲ

ကချင်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်မှုကြောင့် မြစ်ကြီးနား အမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းထားခံရသည့် ခရစ်ယာန်ဓမ္မဆရာ ၂ဦးကို ဖေဖော်ဝါရီ ၈ ရက်နေ့တွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လွှတ်ပေးခြင်းမရှိဘဲ ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၅ရက်နေ့ ပြုလုပ်ခဲ့သည့် တော်လှန်ရေးအထိမ်းအမှတ်ပွဲသည် ဥပဒေဘောင်ကျော်လွန် မှုများရှိခဲ့သောကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနအုပ်ချုပ် (မပခ) တိုင်းမှူးထံသို့ တောင်းပန်စာတင်လျှင် ထိန်းသိမ်းခံထားရသော ဆရာ ၂ ဦးကို လွှတ်ပေးမည်ဟု ပြောဆိုသဖြင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR သည် ဖေဖော်ဝါရီ ၇ ရက်တွင် မပခ သို့ စာတင်ခဲ့သည်။

သို့သော်လည်း ဆရာတူးထန်နှင့် ဂျော်ဘွမ်တာဝန်ခံ ဆရာဘီမာဒေါင်လွမ်းတို့ ၂ ဦးကို ဖေဖော်ဝါရီ ၈ ရက်ထိ လွှတ်ပေးခြင်းမရှိဘဲ  ဖေဖော်ဝါရီ ၉ရက်နေ့အထိ ထပ်မံဆွေးနွေးမှုများ ပြုလုပ် သွားရန်ရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ Dr. Hkalam Sam Sun ထံမှ သိရပါသည်။

ယမန်နေ့ မပခ တိုင်းမှူးထံသို့ တင်ပြခဲ့သည့် စာတွင် ‘လူငယ်အဖွဲ့စီစဉ်ဆောင်ရွက်မှုတွင် စဉ်းစားတွေးခေါ်မှု လိုအပ်မှုရှိကြောင်း ခံယူပြီး ယခုကဲ့သို့ ဥပဒေဘောင်ကျော်လွန်သော ကိစ္စရပ်များ ထပ်မံ မဖြစ်ပွားစေရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်သွားမည်ကြောင်း တင်ပြအပ်ပါသည်’ ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကျရောက်သော ၆၀ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ ဆုတောင်းပွဲကို မြစ်ကြီးနားဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့ပြီး တော်လှန်ရေးသမိုင်းတစ်လျှောက်အဖြစ်အပျက်များကို ပြန်လည်အမှတ်ရစေမည့် ပြဇတ် ကခဲ့ကြသည်။ ထိုအထဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏တံဆိပ်မပါသော ယူနီဖောင်းများ ဝတ်ဆင်ကာ ပြုလုပ်ခဲ့သည်။

June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...
June 8, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့...