မံစီတွင် လေထိုးသေနတ်များ ဖျက်ဆီးမှု ကလေးများ၏ တီထွင်မှုကို ဖျက်ဆီးခြင်းဟု ဝေဖန်နေ

မံစီတွင် လေထိုးသေနတ်များ ဖျက်ဆီးမှု ကလေးများ၏ တီထွင်မှုကို ဖျက်ဆီးခြင်းဟု ဝေဖန်နေ
ကလေးများပြုလုပ်သော လေထိုးတံ သေနတ်
ကလေးများပြုလုပ်သော လေထိုးတံ သေနတ်

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကလေးငယ်များပြုလုပ်သော လေထိုးသေနတ်ကို ဖျက်ဆီးလိုက်ခြင်းမှာ ကလေးများ၏ တီထွင်မှုကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

၁၃ နှစ်အောက် ကလေးငယ်များကိုယ်တိုင် ဆိုင်ကယ်လေထိုးတံအခွံ နှင့် ဆေးဖြန်းပုံးမှ ပိုက်နှင့်သံချောင်း တို့ကိုပေါင်းစပ်ပြီး သစ်သားကို သေနတ်ပုံစံပြုလုပ်ပြီးနောက် စက်ဘီးဝန်ရိုးရှိ သံဘောဖြင့် ပစ်ခတ်နိုင်အောင် ပြုလုပ်ထားသည့် လေသေနတ်များဖြစ်သည်ဟု သိရသည်။

မံစီမြို့နယ်အတွင်း ကလေးငယ်များ လေထိုးတံ သေနတ်များ ပြုလုပ်ကိုင်ဆောင် ကစားနေကြသည်ကိုတွေ့ရှိရသည့်အတွက် မလိုလားအပ်သော ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံသိမ်းဆည်းခဲ့ခြင်းဖြစ်ပြီးနောက် လမ်းကြိတ်စက်ဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မံစီမြို့နယ် အစိုးရပြန်ကြားရေးဌာနသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါသတင်းအောက် မှတ်ချက်ပြုချက်တွင်လည်းကောင်း၊ ဖေ့စ်ဘုတ် စာမျက်နှာများတွင်လည်းကောင်း ယခုလိုဖျက်ဆီးလိုက်မှုသည် ကလေးများတီထွင်မှုကို ဖျက်ဆီးရာကျကြောင်း ရေးသားနေကြသည်ကို တွေ့ရပါသည်။

ထို့အပြင် ယခုလေထိုးတံ သေနတ်ကို မံစီရှိကလေးများသာ တီထွင်အသုံးပြုနေကြပြီး နယ်မြေချင်းထိစပ်သော ဗန်းမော်နှင့် မိုးမောက်ရှိ ကလေးများကိုင်ဆောင်သည်ကိုပင် မတွေ့ရသေးကြောင်း အမည်မဖော်လိုသူ မံစီဒေသခံတစ်ဦးက ပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးခင်မောင်ချိုက အဆိုပါ သေနတ်ဖျက်ဆီးမှုကို လာရောက်ကြည့်ရှုသည့် ကျောင်းသားများကို လေထိုးတံသေနတ်များ ကိုင်ဆောင်ခြင်းကြောင့်ဖြစ်ပေါ်လာတတ်သည့်အန္တရာယ်များနှင့် ငြိစွန်းနိုင်သည့်ဥပဒေအကြောင်းကို ရှင်းလင်းဟောပြောပြီးနောက် သိမ်းဆည်းရမိသည့် လေထိုးသေနတ် (၃၄)လက်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ်ပြန်ကြားရေးဌာန ဖော်ပြချက်တွင် တွေ့ရသည်။

ထို့အပြင် ဆက်လက်ပြုလုပ်သုံးစွဲပါက ဥပဒေနှင့်အညီ အရေးယူမည့်အကြောင်း ဖော်ပြထားသည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...