ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာနှင့် မင်းရွာ အကြားတွင် ဖေဖေါ်ဝါရီ ၅ ရက် နံနက် ၁၁ နာရီက တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ဖားပြိုကျေးရွာသားတစ်ဦးက “ ဖားပြိုရွာနဲ့ မင်းရွာအကြား ရာမောင်ရှင်မ တောင်တန်းဆိုတာ ရှိပါတယ်။ အဲဒီအနီးမှာ ဖြစ်ကြတာပါ။ တပ်မတော် အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် မိနစ် ၂၀ လောက် အပြန်အလှန် ပစ်သံတွေကို ကြားရပါတယ်။ ဒီနေ့ ဖေဖေါ်ဝါရီ ၅ မနက် ၁၁နာရီလောက်က ဖြစ်ကြတာပါ။ မိနစ် ၂၀ မှာ ပစ်ခတ်သံတွေ ရပ်သွားပါတယ်” ဟု ပြောကြားသည်။
မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ကျွန်တော်တို့ ကြားတာက တပ်မတော် စစ်ကြောင်းလှည့်နေတုန်း မိုင်းပေါက်တယ်လို့ဘဲ ကြားရပါတယ်။ မိုင်းတစ်လုံးလို့ ကြားပါတယ်။ တပ်ဘက်ကတော့ မသင်္ကာတဲ့ နေရာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်လို့ ကြားရပါတယ်။ ဒီလောက်ဘဲ သိရပါတယ်” ဟု ပြောကြားသည်။
မင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိ ဖားပြိုရွာ အနီးဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှု ရှိသော်လည်း သေနတ်သံမကြားရသည်မှာ ရက်အတန်ငယ်ရှိနေပြီးနောက် ဖေဖေါ်ဝါရီ ၅ ရက် နံနက် သေနတ်ပစ်ခတ်သံများ ထပ်မံ ထွက်လာ၍ ဒေသခံများက စိုးရိမ်နေကြသည်ဟု သိရသည်။







