သူရဦးအောင်ကို ကို အရေးယူပေးရန် အစိုးရအား တပ်မတော် တောင်းဆို

သူရဦးအောင်ကို ကို အရေးယူပေးရန် အစိုးရအား တပ်မတော် တောင်းဆို
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို

သန်းထိုက်အောင် — သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ၏ ပြောဆိုချက်များအား ကန့်ကွက်ကြောင်းနှင့် အစိုးရအနေဖြင့် အရေးယူပေးရန် တပ်မတော်က တောင်းဆိုလိုက်သည်။

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၆ရက်နေ့က ရန်ကုန်မြို့ရှိ City Hotel Yangon တွင်  ပြုလုပ်သည့် မြန်မာမွတ်စလင် လူငယ်များ ဘာသာရေး အဖွဲ့ချုပ် ဦးစီးအစည်းအဝေး အခမ်းအနား၌ သာသနာရေးနှင့် ယာဉ်ကျေးမှု ဝန်းကြီး သူရဦးအောင် ကိုက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဓိက အုပ်ချုပ်နေသူသည် အစိုးရမဟုတ်ဘဲ အခြားအဖွဲ့အစည်းတစ်ခုက အုပ်ချုပ်နေခြင်း ဖြစ်ကာ တရားဥပဒေ စိုးမိုးမှုအတွက် ကြေးစားဆန္ဒပြသူများကို ဖမ်းဆီးခိုင်းသည့် အခါ တစ်ဖက်အဖွဲ့ အစည်း၏  မျက်နှာကို ကြည့်ပြီး မဖမ်းဆီးကြောင်း  ပြောဆိုခဲ့သဖြင့်  တပ်မတော်က ယခုကဲ့သို့ ကန့်ကွက်ပြီး အရေးယူပေးရန် တောင်းဆိုခြင်း ဖြစ်သည်။

“တပ်မတော်ရဲ့ သဘောထားကတော့ နံပါတ်တစ်ကတော့ လုံးဝ အခြေအမြစ် မရှိဘဲနဲ့ ဥပဒေနဲ့ မညီတဲ့ပြောကြားချက်လို့ ပြောလိုပါတယ်။ နံပါတ် နှစ် အချက်ကတော့ တပ်မတော်အနေနဲ့ အဲ့ဒီလို အခြေအမြစ်မရှိ ဥပဒေနဲ့ မညီ ပြောကြားချက်တွေကိုငြင်းဆိုပါတယ်။ ကန့်ကွက်ပါတယ်။ နံပါတ် သုံးကတော့ အစိုးရအနေနဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့ ဝန်ကြီးတစ်ဦးရဲ့ ဒီလိုပြောကြားချက်တွေကို ဖြေရှင်းပေးဖို့ အရေးယူဖို့ တင်ပြပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

 အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကို ယခုကဲ့သို့  အရေးယူပေးရန် တပ်မတော်၏  တိုင်ကြားမှုသည်  ပထမဆုံးအကြိမ် မဟုတ်ဘဲ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏  တပ်ချုပ်နှင့် ပတ်သက်၍  ပြောကြားမှု အတွက်လည်း အရေးယူပေးရန် တပ်မတော်က တောင်းဆိုခဲ့သည့် သာဓက ရှိခဲ့သည်။

“ ပြည်ထောင်စုဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းတာဖြစ်တယ်။  သို့သော် ကွပ်ကွဲမှု အုပ်ချုပ်မှု မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ ပတ်သက်ပြီး ကွပ်ကဲမှု အုပ်ချုပ်မှု အစိုးရအဖွဲ့မှာ လုပ်ပိုင်ခွင့်တွေ အပြည့် ရှိပါတယ်။ ကျွန်တော်တို့ အခြေခံဥပဒေမှာ ပါတဲ့ ပုဒ်မ၂၁၆ ကနေ၂၂၀ အထိ ပြည်ထောင်စု အစိုးရရဲ့ အုပ်ချုပ်မှု အခွင့် အာဏာ ပုဒ်မ ၂၀၁ ကနေ ပုဒ်မ ၂၁၅ ထိ အကျုံးဝင်တဲ့ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်တွေဟာ ပြန်ပြီးလေ့လာကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်။  လက်တွေ့မြေပြင်မှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နဲ့ပတ်သက်ပြီး ဘယ်လို လုပ်ဆောင်နေလဲ ဆိုတာလေ့လာကြည့်ဖို့လိုပါတယ်။ အဲ့ဒီလို မဟုတ်ပဲနဲ့ ဒီအဖွဲ့အစည်း တစ်ခုကို သိက္ခာချစေမယ့် စိတ်နဲ့ လုပ်တာကတော့ မကောင်းဘူးလို့ ပြောချင်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

သူရဦးအောင်ကို၏ ပြောကြားချက်များသည် တပ်မတော်အပေါ် ရည်ရွယ် ပြောဆိုခြင်း မဟုတ်ဘဲ  အဖြစ်အပျက်ကိုသာ ဝန်ကြီးက ပြောသည်ဟု နားလည်ကြောင်းနှင့် တပ်မတော်အနေဖြင့်  အကောက်အယူ မလွဲစေချင် ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးက မဇ္စျိမကို ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...