တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် ဒေသခံတိုင်းရင်းသားများကို ဖမ်းဆီးခြင်းမလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများကောင်စီ တိုက်တွန်း

တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် ဒေသခံတိုင်းရင်းသားများကို ဖမ်းဆီးခြင်းမလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများကောင်စီ တိုက်တွန်း

နောင်နောင် — တပ်မတော်အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့မဆို အရပ်သားများအား တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ ဒေသခံတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း မပြုလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က ဇန်နဝါရီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ပညာရေးဝန်ထမ်း ဦးတောင်ပန်တို့ နှစ်ဦးကို AA လက်နက်ကိုင်အဖွဲ့က ၂ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီး ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကောင်းမွန်စွာ ပြန်လွှတ်ပေးလိုက်ပြီး မိသားစုထံ အသီးသီး ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တဲ့ ချင်းလူမျိုး အနည်းဆုံး (၁၂) ဦးကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး  AA လက်နက်ကိုင်အဖွဲ့အနေနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကာ နောက်ထပ် ဖမ်းဆီးထားတာ မရှိတော့ဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။

AA လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “မရှိဘူးဗျ။ မရှိဘူး။ ကျနော်တို့ နောက်ထပ်ဖမ်းဆီးထားတာဘယ်သူမှ မရှိတော့ဘူး။ လုံးဝမရှိတော့ဘူးဗျ။ ဒီဟာကတော့ သူတို့ကဘယ်လိုအထောက်ထားနဲ့ စွပ် စွဲပြောလဲဆိုတာကျနော်လည်းမပြောတတ်ဘူးပေါ့”ဟု ပြောသည်။

AA ရဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို မလွဲသာမရှောင်သာတဲ့ အခြေအနေတစ်ခုအောက်မှာ ခေတ္တယာယီ ထိန်းသိမ်းခဲ့တာ  ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတဲ့အတွက် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြန်လည်လွှတ်ပေးလိုက်တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးလိုက်တာဟာ နှစ်ဘက်တင်းမာမှုကို လျော့ကျပြီး  ပြန်လည်သင့်မြတ်ရေးကို လမ်းစပွင့်စေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့AAတို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကာ နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဦးရေ ၁ သိန်းကျော်အထိ ရှိလာနေပြီး ထိခိုက်သေဆုံးသူ ၃၀၀ ကျော် ရှိနေပြီဖြစ်တယ်လို့ ရခိုင်အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...