တစ်ရက်အနည်းဆုံး လုပ်အားခ ၉၈၀၀ ကျပ် ရရှိရေး အလုပ်သမား ၅၀၀၀ ကျော် ဆန္ဒထုတ်ဖော်

တစ်ရက်အနည်းဆုံး လုပ်အားခ ၉၈၀၀ ကျပ် ရရှိရေး အလုပ်သမား ၅၀၀၀ ကျော် ဆန္ဒထုတ်ဖော်

ဆုမြတ်မေဇော် — တစ်ရက်အတွက် အနည်းဆုံး လုပ်အားခကို မြန်မာကျပ်ငွေ ၉၈၀၀ ပြောင်းလဲ သတ်မှတ်ပေးရန် လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ ၂၀ မှ အလုပ်သမား ၅၀၀၀ ကျော်သည် ဇန်နဝါရီလ ၁၉ ရက်နေ့က လှိုင်သာယာမြို့နယ်အတွင်းမှာ လမ်းလျှောက် ဆန္ဒထုတ်ဖော်၍ တောင်းဆိုခဲ့ကြသည်။

တစ်ရက်အတွက် အနည်းဆုံး လုပ်အားခကို မြန်မာကျပ်ငွေ ၄၈၀၀ ပေးရန် အစိုးရက ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေး ငွေ ဥပဒေအရ ၂၀၁၈ ခုနှစ်၊ မေလတွင် သတ်မှတ်ခဲ့ပြီး ထိုဥပဒေအရ ၂ နှစ်ပြည့်သည့် ၂၀၂၀ ခုနှစ်၊ မေလမှာ အသစ် ပြောင်းလဲ သတ်မှတ်ရမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများကို မှီခိုနေရသော မိသားစုဝင်များသည် ပြောင်းလဲလာသည့် စားဝတ်နေရေး ဖူလုံမှုရှိမည့် နှုန်းထားအသစ် တိုးမြှင့် သတ်မှတ်ပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံသားပိုင် ဂျာဝေးအထည်ချုပ် စက်ရုံမှ ဆန္ဒထုတ် ဖော်ပွဲမှာ ပါဝင်လာသည့် အလုပ်သမားတစ်ဦးဖြစ်သူ မအေးအေးသန့်က ပြောသည်။

“ကျွန်မတို့က OT ကြေး အပါအဝင်မှ ၂၈၀၀၀၀ ပဲရတာပါ၊ စက်ရုံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေက အဆောင် ငှားရတယ်၊ အိမ်လခပေးရတယ်၊ မီတာခပေးရတယ်။ ကျွန်မရဲ့အမေဆိုလည်း ကျန်းမာရေးမကောင်းဘူး ရသလောက်က မလောက်ငှတော့ အပိုဝင်ငွေတောင် စုထားလို့ မရဘူး"ဟု ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ် ကမ္ဘာဘဏ်၏ မြန်မာနိုင်ငံလုံးဆိုင်ရာ စီးပွားရေး အစီအရင်ခံစာအရ မြန်မာနိုင်ငံတွင် အထည်ချုပ် လုပ်ငန်း အပါအဝင် တခြားသော လုပ်ငန်းများတွင် ရင်နှီးမြှပ်နှံမှု များပြားလာသော်လည်း အလုပ်သမားများ၏ လူနေမှုအဆင့် အတန်းသည် တိုးတက်လာခြင်းမရှိဘဲ တဖြည်းဖြည်း မြင့်တက်လာသော စားဝတ်နေရေး ကုန်ကျစရိတ်များကြောင့် ယခင်ကထက် ပိုကြပ်တည်းလာသည်ဟု အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက  ဆိုသည်။

မြို့နယ် အထည်ချုပ် အလုပ်သမားအသင်းမှ ဒေါ်မာလာက "အလုပ်သမားတွေက အနည်းဆုံး တစ်ရက် လုပ်အားခ ၄၈၀၀ နဲ့က တော်တော် အဆင်မပြေတာပါ။ သူတို့မှာ ဒီအနည်းဆုံး လုပ်အားခ ၄၈၀၀ နဲ့ အဆင်မပြေတာ  ကြောင့် OT(အချိန်ပို) ကြေးကိုပဲ အားကိုးနေရတယ်။ အခုနောက်ပိုင်းမှာ စက်ရုံတွေကလည်း အချိန်ပိုမခေါ်တော့ အခက်အခဲ ဖြစ်နေရတယ်"ဟု ပြောသည်။

ယခုလို တစ်ရက်တာ လုပ်အားခ တိုးမြှင့်လိုက်ပါက ပြည်ပနိုင်ငံများမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံထဲသို့ အဝင် နည်းသွားနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံနေဆဲ လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေများ ရှိလာနိုင်ခြင်းအပေါ်  စီးပွားရေး ကျွမ်းကျင်သူ တချို့က စိုးရိမ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံတွင်မူ ယခင်က အနည်းဆုံး တစ်ရက် လုပ်အားခကို ထိုင်းဘတ် ငွေ ၃၀၈ ဘတ်မှ ၃၃၀ အထိ နေရာ ဒေသအလိုက် ပေးခဲ့ရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ ဘတ် ၃၁၆ ဘတ်မှ ၃၃၆ ဘတ်အထိ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...