မွန်စခန်းကို ပြန်ပေးရန် တပ်မတော်အား မွန်အရပ်ဖက်အဖွဲ့များ တောင်းဆို

မွန်စခန်းကို ပြန်ပေးရန် တပ်မတော်အား မွန်အရပ်ဖက်အဖွဲ့များ တောင်းဆို

မွန်ပြည်သစ်ပါတီ စခန်းကို ပြန်ပေးရန်နှင့် ပဋိပက္ခကို နှစ်ဖက်တွေ့ဆုံဆွေးနွေးဖြေရှင်းပေးရန် မွန်အရပ်ဘက်အဖွဲ့များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ တောင်းဆိုလိုက်သည်။



ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မွန်ပြည်သစ်ပါတီ တပ်တည်နေရာစခန်းသို့ ထိုင်း-မြန်မာနယ်စပ် နယ်နိ မိတ်ကို စစ်ဆေးရန်ဆိုကာ တပ်မတော်နှင့် BGF စစ်ကြောင်းတို့က ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လာခြင်း သည် NCA စာချုပ်ပါ အချက်ကို ချိုးဖောက်ရာရောက်သည်ဟု မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း က ပြောထားသည်။



မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်စာရေးဆရာများအသင်းမှ နိုင်ကသုမွန် က “ဒီလိုဖြစ်တဲ့ကိစ္စမှာတော့ တပ်မတော်အနေနဲ့ NCA ကို ချိုးဖောက်တယ်လို့ ကျနော်တို့ သုံးသပ်တယ်၊ ရှေ့ ဆက်ထပ်ဖြစ်ရင်လည်း ငြိမ်းချမ်းရေးက အခက်အခဲဖြစ်လာနိုင်စရာရှိတယ်” ဟု ပြောသည်။



NCA စာချုပ်ပါ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မကိုက်ညီသည့် ပြုမူဆောင်ရွက်ခဲ့မှုများအား ထပ်မံမဖြစ်ပွားရေးအတွက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များအား ထိန်းသိမ်းကြီးကြပ်ပေးရန်နှင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် သိမ်းယူထားသည့် မွန်ပြည်သစ်ပါတီ တပ်စခန်းကို မွန်ပြည်သစ်ပါတီထံ ပြန်လည်အပ်နှံပေးရန်လည်း မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းတို့က တောင်းဆိုထားသည်။



နှစ်ဖက် ပြေလည်မှုရရှိစေရေးအတွက် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးညှိနှိုင်းပေးရန် မွန်အရပ်ဖက်လူမှုအဖွဲ့ အစည်းများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁ ရက်နေ့က စာပေးပို့တောင်း ဆိုလိုက်ခြင်းဖြစ်သည်။



ထို့အပြင် ရရှိနှင့်ပြီးသော တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်ပြီး တိုင်းရင်းသားလူမျိုးများအကြား အထင်အမြင်လွဲမှားမှုနှင့် ပဋိပက္ခအသွင် ထိပ်တိုက်ရင်ဆိုင်မှုကို ဦးတည်စေနိုင်သော မည်သည့်လုပ်ရပ်မျိုးကိုမှ မပြုလုပ်မိစေရန်အတွက် ထိန်းကျောင်းတည့်မတ်ပေးရန် တိုက်တွန်းထားသည်။



မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ နယ် ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဆိုပါ မွန်ပြည်သစ်ပါတီတပ်စခန်းနေရာကို တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်နေရာယူထားခဲ့သည်။



တပ်စခန်းနေရာတွင် တပ်မတော်မှ ဝင်ရောက်နေရာယူထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂ ရက်နေ့က မွန်ပြည်သစ်ပါတီနှင့် အရှေ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တွေ့ ဆုံဆွေးနွေးခဲ့ကြသလို ဒီဇင်ဘာ ၃ ရက်နေ့က မွန်ပြည်သစ်ပါတီနှင့် တပ်မတော်ခေါင်းဆောင်တို့က ဘုရားသုံးဆူမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။



ထိုသို့ တွေ့ဆုံဆွေးနွေးပြီးနောက် မွန်ပြည်သစ်ပါတီ ဂျပန်ရေတွင်းစခန်းမှ တပ်မတော် ဆုတ်ခွာသွားခဲ့သော် လည်း အဆိုပါဂိတ်နှင့် ကိုက် ၃၀၀ အကွာခန့်ရှိ ဟင်္သာဂိတ်ဆိုသည့် နေရာတွင် တပ်မတော်က ဆက်လက်တည်ရှိနေဆဲဟု မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက ပြောသည်။



မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်နှင့် မွန်ပြည်သစ်ပါတီတပ်စခန်းတည်နေရာ ကျေးရွာအတွင်း တပ်မတော်နှင့် BGF တပ်သားတို့ ဝင်ရောက်တပ်စွဲထားသည့်အတွက် ဂျပန်ရေတွင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကြံတောရွာ၊ တပ်ရင်း (၃) ရွာတို့မှ ဒေသခံ ၈၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...