စစ်တပ်၏ ရိုက်နှက်ခံရသည့် အုပ်ချုပ်ရေးမှူး ကျန်းမာရေး အခြေအနေ မကောင်းသေး

စစ်တပ်၏ ရိုက်နှက်ခံရသည့် အုပ်ချုပ်ရေးမှူး ကျန်းမာရေး အခြေအနေ မကောင်းသေး

တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ကျန်းမာရေး အခြေအနေမှာ ယနေ့ထိပုံမှန် ပြန်မဖြစ်သေးပဲ စိုးရိမ်ရဆဲဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းမှ ရွာသားများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်မြို့ နယ်၊ ဟူးခင်းကျေးရွာအုပ်စု၊ မန်မိုင်မန်ကွမ်းကျေးရွာမှ ရွာသူ/သား ၆၀ ကျော်နှင့်အတူ အုပ်ချုပ်ရေးမှူးအား တပ်မတော်က နိုဝင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ရိုက်နှက်ခံခဲ့ရပြီး အတွင်းဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ က  ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အခု သူက ခေါင်းတွေအရမ်းကိုက်နေတယ်၊ ထိထားတာများတယ်၊ နဖူးမှာရော ပါးမှာရော၊ ရင်ဘက်မှာရော အဲလိုမျိုး ကန်တာ နဖူးနဲ့ပါးမှာ သူတို့ဦးထုပ်နဲ့ရိုက်တယ်၊ အရမ်းလည်း ရောင်သွား တယ်။ အခုထိလည်း မပျောက်သေးဘူး။ နည်းနည်းပါးပါးတော့ ထနိုင်တယ်၊ ဒါပေမယ့် အကြာကြီးမထနိုင်ဘူး၊ ခဏလေးတော့ ထနိုင်တယ်” ဟု ပြောသည်။  

ယနေ့အချိန်ထိ အတွင်းဒဏ်ရာများကြောင့် အစာ စား၍ မရသေးဟုလည်း ဆက်ပြောသည်။

“အစားအစာတွေ မစားနိုင်ဘူး၊ စားပြီးရင် ဝါးလို့မရဘူး။ ဝါးစားလို့မရတော့ မျိုချလိုက်တယ်၊ မျိုချတော့ လည်း ပြန်အန်လာတယ်။ မနေ့နေ့လည်ပိုင်းကတည်းကတော့ ရွာကနေ နမ့်ဆန်ဆေးရုံမှာ ဆေးကုသ နေတယ်၊ အခက်အခဲတွေတော့ရှိတယ်၊ အခုလောလောဆယ်ကတော့ ငွေရေးကြေးရေးအတွက် အဆင်မပြေဘူးပေ့ါ”

နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်း ၉  နာရီခန့် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်ပြီးနောက် မွန်းလွဲ ၂ နာရီ နောက်ပိုင်း ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့နောက် ရိုက်နှက်ခံခဲ့ရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး မိုင်းဖိုးညွှန့် အား နမ့်ဆန်ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့ရသည်ဟု ပြောသည်။

အရိုက်ခံခဲ့ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးက မိုင်းဖိုးညွှန့်က “သူတို့ ကျနော့်ကိုဆွဲပြီး ဦးထုပ်တွေနဲ့ခေါင်း တွေ ရိုက်တယ်၊ ကျနော် ပါးတွေရိုက် ခြေထောက်တွေနဲ့ ကျနော်ရင်ဘက်တွေ ကန်တယ်၊ ကျနော် မေ့ လဲသွား တယ်၊ သူတို့က ရိုက်ပြီးတာနဲ့ မူးသွားရော၊ ပြီးတာနဲ့သူတို့ခေါ်သွားတယ်၊  ကျနော်တို့ကို ၆ ယောက်အရင် ခေါ်သွား တယ်။ နောက်မှ ရွာကလူတွေ ပါလာတာ အများကြီးပဲ။ ကျနော်က တစ်လမ်းလုံး အန်လာတယ်။ သူတို့က အန်လည်း မရဘူးတဲ့ ရပ်လို့လည်းမရဘူး၊ သူတို့က ကျနော့်ကို အရမ်းနှိပ်စက်တယ်၊ ကျနော့်ရဲ့ ခြေထောက်တွေ လက်တွေကိုချည်ထားတယ်” ဟု ပြောသည်။

“ကျောပိုးအိတ်တွေလည်း ပိုးခိုင်းတယ်၊ ကျနော် တစ်ယောက်ထဲကိုပဲ ပိုးခိုင်းတယ်၊ ကျနော်က ဆရာ မပိုးနိုင်တော့ဘူး အရမ်းလည်း ခေါင်းတွေမူးနေတယ်။ သူတို့အိတ်က ၁၅ ပိဿလောက် ရှိတယ်၊ အနားက ဦးလေးတွေကူခိုင်းတယ်၊ သူတို့က မပေးရဘူးတဲ့ နင်ဘဲ ပိုးရမှာတဲ့” ဟု မိုင်းဖိုးညွှန့်က နိုဝင်ဘာလ ၂၂ ရက်နေ့က သူကြုံခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြောပြသည်။

တပ်မတော်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဥက္ကဋ္ဌအား လမ်းကြောင်းအခြေအနေကိစ္စ ခေါ်ယူမေးမြန်းပြီး၊ နောက် တစ်ရက် နံနက်ပိုင်းတွင် တပ်မတော်မှ တပ်သားအချို့ ရွာမှအထွက် ရွာအပြင်ဘက်တွင် ပေါက်ကွဲမှု များ ဖြစ်ပေါ်ခဲ့သည့် အတွက် အရိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် မန်မိုင်မန်ကွမ်းကျေးရွာမှ ရွာသား ၆၃ ယောက်အားလမ်း ခရီးလမ်းလုံခြုံရေးအတွက် တပ်မတော် စစ်ကြောင်းက ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။

တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းများနှင့် ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်နေသည့်အပေါ် တအာင်းအရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက် လျက်ရှိသည်။

တအာင်း ဥပဒေ အထောက်အကူပြုကွန်ရက် အဖွဲ့မှ မိုင်းမျိုးအောင်က “တိုက်ပွဲအတွင်းမှာ အပြစ်မဲ့တဲ့ အရပ်သား ပြည်သူတွေကို ဓားစာခံအဖြစ် အသုံးချတာမျိုး လုံးဝမဖြစ်သင့်ဘူး။ ဒီလိုလုပ်ရပ်မျိုးကိုတော့ လုံးဝကန့်ကွက်ပါတယ်” ဟု ပြောသည်။

အဆိုပါဒေသအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

သို့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အင်တာနက် ဝက်ဆိုက် စာမျက်နှာတွင် နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာအနီးတဝှိုက်တွင် PSLF/TNLA အဖွဲ့၏ လေယာဉ်ပစ်လက်နက် တစ်လက်အပါအဝင်၊ အခြားသော လက်နက် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ရှမ်းမြောက်ဒေသရှိ TNLA ၏ တပ်စခန်းပေါင်း ၄၁ ခု ကိုလည်း သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...