သာစည်ကုန်းကျေးရွာသား (၁၂) ဦးကို တပ်ကဖမ်းဆီးသွားကြောင်း ရွာသားများပြော

သာစည်ကုန်းကျေးရွာသား (၁၂) ဦးကို တပ်ကဖမ်းဆီးသွားကြောင်း ရွာသားများပြော

ချလူးအောင် — ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ကျေးရွာသား ၁၂ ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာသားများက ပြောဆိုကြသော်လည်း တပ်မတော်ဘက်က ယင်းကိစ္စကို ငြင်းဆိုထားသည်။

ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာနှင့် သာစည်ကုန်းကျေးရွာအကြားတွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်မှ ၁၀ နာရီကျော်သည်အထိ သေနတ်ပစ်ခတ်သံများကြားရပြီးနောက် တပ်မတော်သားများက သာစည်ကုန်းကျေးရွာအတွင်းဝင်ရောက်ကာ ကျေးရွာသား ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းကျေးရွာသားများက ပြောသည်။

“အမျိူသား ၁၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်ပြီး မေယုတောင်ကြောအတိုင်း ခေါ်ဆောင်သွားတယ်လို့ သိရတယ်။ လမ်းပြခေါ်တာလား၊ ဓားစာခံခေါ်တာလားတော့ မပြောတတ်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သာစည်ကုန်းကျေးရွာသားတစ်ဦးက DMG ကို ပြောသည်။

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် သာစည်ကုန်းကျေးရွာသားများမှာ ဦးထွန်းသိန်း ၆၂ နှစ်၊ ဦးမောင်ကျော်ဇံ ၆၁ နှစ်၊ ဦးထွန်းအောင်ကျော် ၅၈ နှစ်၊ ဦးမောင်သာထွန်း ၅၂ နှစ်၊ ဦးသန်းထွန်း ၄၈ နှစ်၊ ဦးကျော်ဝင်းစိန် ၄၄ နှစ်၊ ဦးဆန်းလှိုင် ၄၁ နှစ်၊ ဦးထွန်းဝင်းချေ ၃၆ နှစ်၊ မောင်အထွန်း ၂၁ နှစ်၊ မောင်ဝင်းမိုးဇော် ၂၀ နှစ်၊ မောင်လင်းလင်း ၁၈ နှစ်၊ မောင်ဆန်းဦး ၁၇ နှစ်တို့ဖြစ်ကြောင်း ကျေးရွာသားများ၏ ပြောပြချက်အရ သိရသည်။

သာစည်ကုန်းကျေးရွာတွင် ယနေ့နံနက်က လက်နက်ကြီးကျရောက်ပြီး ဦးသိန်းစိန်မောင်၏ နေအိမ် မီးလောင်ပျက်စီးသွားခဲ့ကာ ကျေးရွာသားများမှာလည်း ပေါက်တောပြင်ကျေးရွာနှင့် ဆင်ပိုက်ကျေးရွာများသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“အခုက သာစည်ကုန်းမှာ အိမ်တစ်အိမ်ကိုလက်နက်ကြီးကျလို့ ပျက်စီးသွားတယ်။ နောက်ပြီး ရွာသားတွေလည်း ထွက်ပြေးလို့ရှိသလို လူပေါင်း ၁၀ ကျော်ကိုလည်း တပ်ကဖမ်းသွားတာရှိတယ်။ ကိုယ့်အိမ်မှာကိုယ်နေကြတာကို ဖမ်းခေါ်သွားပြီးတော့ တောင်ထဲကိုသွင်းသွားတယ်” ဟု သာစည်ကုန်းကျေးရွာမှ ထွက်ပြေးလာသည့် အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကို DMG က ဆက်သွယ်မေးမြန်းရာ ကျေးရွာသားများကို တပ်မတော်ကဖမ်းဆီးခြင်း မရှိကြောင်းနှင့် AA က ဖမ်းဆီးခြင်းသာဖြစ်မည် ဟုပြောသည်။

“တပ်က ဖမ်းတာတော့မရှိဘူး။ ဖမ်းရင် အေအေဖမ်းတာပဲဖြစ်လိမ့်မယ်။ မနေ့ကလည်း အငူမော်က လင်မယားနှစ်ဦးမှာ လင်ဖြစ်သူကို အေအေကဖမ်းခေါ်သွားတာရှိတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ တပ်မတော်၏စွပ်စွဲချက်နှင့် ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သာစည်ကုန်းကျေးရွာဖြစ်စဉ်အား မသိရသေးကြောင်း အကြောင်းပြန်ခဲ့သည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...