မင်းပြားမြို့နယ်တွင် နေအိမ်ရှေ့မီးလှုံနေသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်

မင်းပြားမြို့နယ်တွင် နေအိမ်ရှေ့မီးလှုံနေသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများက DMG သို့ ဖုန်းဖြင့် အကြောင်းကြားလာသည်။



ထိုသို့ကျည်ထိမှန်ခဲ့သူမှာ ပန်းမြောင်းကျေးရွာမှ အသက် ၇၀ အရွယ် ဒေါ်မဝါစိန်ဆိုသူဖြစ်ပြီး ယနေ့ နံနက်ကနေအိမ်ရှေ့တွင် မီးလှုံနေစဉ် တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်လိုက်သည့် ကျည်ထိမှန်ကာ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေါ်မဝါစိန်၏ မိသားစုဝင်တစ်ဦးကပြောသည်။



တပ်မတော်စစ်ကြောင်းသည် မင်းပြားမြို့နယ် တောင်ဖြူတောင်မှ ပန်းမြောင်းကျေးရွာဖက်သို့ လာရောက်စဉ် ထိုသို့ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ကျည်ထိမှန်ခဲ့သူ၏ဆွေမျိုးဖြစ်သူ ဦးထွန်းဝင်းက ပြောသည်။



“ရွာပြင်စအနီးနားမှာ ကလေးတွေက ဆော့ကစားနေကြတာကို လှမ်းပစ်လိုက်တာ။ ကျနော့် ယောက္ခမမှာတော့ ဦးခေါင်းငယ်ထိပ်မှာ လက်နက်ကျည်ရှပ်ထိသွားတယ်။ တိုက်ပွဲဖြစ်ပွားတာတွေ ဘာမှမရှိဘဲ ကလေးတွေကသူတို့(တပ်မတော်)လာလို့ပြေးတယ်ဆိုပြီး ရမ်းသန်းပစ်လိုက်တာ” ဟု ဦးထွန်းဝင်းက DMG ကို ပြောသည်။



ထိုသို့ ကျည်ထိမှန်ဒဏ်ရာရှိခဲ့သည့် အမျိုးသမီးအား ဆေးကုသမှုခံယူရန် ပန်းမြောင်းဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။



ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်ကို ဆက်သွယ်မေးမြန်းခဲ့ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၎င်းဖြစ်စဉ်အား မကြားမိသေးကြောင်း တုန့်ပြန်ခဲ့သည်။



“အဲဒီဖြစ်စဉ်ကို ကျနော်ကတော့မကြားမိသေးဘူး။ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာတို့လည်း ဘာမှမရှိပါဘူး” ဟု ၎င်းကဆိုသည်။



ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းထမင်းစားရန်ပြင်ဆင်နေသူများထဲမှ ၃ ဦးသေဆုံးကာ ၄ ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။



နေအိမ်အတွင်းကျရောက်လာသည့် လက်နက်ကြီးမှာ ပန်းမြောင်းရွာအလယ်ရှိ ဘုရားတောင်ပေါ်တွင် တပ်စွဲထားသည့် တပ်မတော်သားများက ပစ်ခတ်သည့် လက်နက်ကြီးဖြစ်ကြောင်း သေဆုံးသူမိသားစုဝင်များက ပြောဆိုကြသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...