ရခိုင်မျိုးစောင့်အုပ်စု ဥက္ကဋ္ဌ ဦးဘအေးကို စွဲချက်မတင်နိုင်၍ ပြန်လွှတ်

ရခိုင်မျိုးစောင့်အုပ်စု ဥက္ကဋ္ဌ ဦးဘအေးကို စွဲချက်မတင်နိုင်၍ ပြန်လွှတ်
ARG ဥက္ကဋ္ဌ ဦးဘအေးကို စွဲချက်မတင်နိုင်၍ ပြန်လွှတ်ပေးခဲ့သော်လည်း တခြားဖမ်းဆီးခံထားရသူများမှာ လွတ်မြောက်လာခြင်းမရှိသေးပေ။ ဓာတ်ပုံ - ဦးသန်းထွန်း
ARG ဥက္ကဋ္ဌ ဦးဘအေးကို စွဲချက်မတင်နိုင်၍ ပြန်လွှတ်ပေးခဲ့သော်လည်း တခြားဖမ်းဆီးခံထားရသူများမှာ လွတ်မြောက်လာခြင်းမရှိသေးပေ။ ဓာတ်ပုံ - ဦးသန်းထွန်း

ဝံသ — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာအနီး မောင်တော-အငူမော် ကားလမ်းဘေးရှိ ရခိုင်မျိုးစောင့်အုပ်စု (Arakan Rakkhita Group-ARG) စိုက်ပျိုးရေးခြံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်ဟုဆိုကာ ပြီးခဲ့သည့် ဇွန်လအတွင်းက ARG ဥက္ကဋ္ဌ ဦးဘအေးအပါအဝင် ခြံတာဝန်ခံ၊ အလုပ်သမားကြီးကြပ်သူအချို့ကို မူးယစ်ဆေးဝါးရောင်းချရန် လက်ဝယ်ထားရှိမှု ပုဒ်မ၁၉(က)ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်ခဲ့သည်။

ထိုသို့ဖမ်းဆီးခံရပြီး ၆ လခန့်အကြာ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ARG ဥက္ကဋ္ဌ ဦးဘအေးကို စွဲဆိုထားသည့်အမှုတွင် တရားစွဲတင်နိုင်သည့် သက်သေအထောက်အထားများ တင်ပြနိုင်ခြင်းမရှိသဖြင့် မောင်တောခရိုင်တရားရုံးက ပြန်လည်လွှတ်ပေးလိုက်ကြောင်း အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

“ဒီနေ့ပဲ လွတ်မြောက်လာပါတယ်။ သူကိုဖမ်းဆီးဖွင့်လှစ်ထားတဲ့အမှုက တရားစွဲတင်နိုင်လောက်တဲ့ သက်သေအထောက်အထား တစုံတရာတင်ပြနိုင်ခြင်းမရှိတဲ့အတွက် လွတ်မြောက်လာတာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ညွှန့်က ပြောသည်။

ARG စိုက်ပျိုးရေးခြံအား ဇွန်လ ၉ ရက်နေ့တွင်ရှာဖွေရာ အဆောက်အဦအတွင်းရှိ UPG အိမ်သုတ်ဆေးပုံးခွံ (၆)ပုံးအတွင်းထည့်ထားသည့် WY/R စာတမ်းပါ စိတ်ကြွဆေးပြား (၃၉၉၅၅၀)ပြား (တန်ဖိုးငွေကျပ် ၇၉၉၁ သိန်း)နှင့် ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ မူးယစ်မှုဖြင့် ခြံတာဝန်ခံ ဟန်စိုး၊ အလုပ်သမားကြီးကြပ် ချစ်နေဝင်း၊ နေဝင်းထွန်း၊ ဖိုးသန်း၊ ညီလေး(ခ) ညွှန့်လွင်တို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကွင်းဆက်ဖော်ထုတ်ထုတ်အရ ယင်းမူးယစ်ဆေးဝါးများကို စစ်တွေမြို့မှတစ်ဆင့် သယ်လောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ARG အဖွဲ့၏ ခြံတာဝန်ခံ ကိုဟန်စိုး၏ ဇနီးမခင်အေး၏ ပြောဆိုချက်အရ ယင်းမူးယစ်ဆေးဝါးများမှာ ခြံထဲမှ ရှာဖွေတွေ့ရှိခြင်းမျိုးမဟုတ်ဘဲ လမ်းတစ်ဖက်တွင်ရှိသည့် လူမနေသည့်အဆောင်ပျက်တစ်ခုက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အဖွဲ့ကို လုပ်ကြံခြင်းမျိုးဖြစ်နေကြောင်း ပြောသည်။

ယင်းခြံမှ ARG ပိုင်ပစ္စည်းများဖြစ်သည့် နွားအကြီး၊ အငယ် (၁၀၀)ကောင်၊ ကြက် (၅၀)ကောင်၊ စပါးတောင်း (၁၀၀၀)၊ လယ်ထွန်စက် ၃ စီးတို့ကို သိမ်းဆည်းပြီးနောက် ရဲတပ်ဖွဲ့က ဇွန်လ ၁၀ ရက်နေ့တွင် ၎င်းခြံကို ချိတ်ပိတ်လိုက်သည်။

လက်ရှိမှာ ၎င်းဖြစ်စဉ်တွင်ဖမ်းဆီးခံခဲ့ရသည့် ARG ဥက္ကဋ္ဌ ဦးဘအေးကို စွဲချက်မတင်နိုင်၍ ပြန်လွှတ်ပေးခဲ့သော်လည်း ခြံတာဝန်ခံ ဟန်စိုး၊ အလုပ်သမားကြီးကြပ် ချစ်နေဝင်း၊ နေဝင်းထွန်း၊ ဖိုးသန်း၊ ညီလေး(ခ) ညွှန့်လွင်တို့မှာ ယနေ့ လွတ်မြောက်လာခြင်းမရှိသေးကြောင်း တွေ့ရသည်။

ARG သည် ရခိုင်ပြည်နယ်အတွင်းရှိ လယ်သမားများကို စိုက်ပျိုးရေးနည်းပညာအပြင် စိုက်ပျိုး၊ ထွန်ယက်၊ ရိတ်သိမ်းမှုများတွင် စက်ပစ္စည်းများဖြင့် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...