မြေပုံမြို့နယ် ရွာသာယာကျေးရွာသား ၅ ဦးကို တပ်မတော်ကဖမ်းဆီးထား

မြေပုံမြို့နယ် ရွာသာယာကျေးရွာသား ၅ ဦးကို တပ်မတော်ကဖမ်းဆီးထား

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှနေအိမ်များကို တပ်မတော်ကဝင်ရောက်စစ်ဆေးကာ ကျေးရွာသား ၅ ဦးကို ဖမ်းဆီးထားကြောင်း ၎င်းကျေးရွာမှ ရွာသားများက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်က တပ်မတော်သားများသည် ရွာသာယာကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

“စစ်သား ၁၀၀ လောက်ရွာထဲဝင်လာတယ်။ ပြီးတော့ ရွာအဝင်၊ အထွက်မရှိစေရဘူးဆိုပြီး ပိတ်တယ်။ ပိတ်ပြီးတော့ သံသယရှိတယ်ဆိုပြီးရင် အိမ်တွေကိုဝင်စစ်တယ်။ သံသယရှိတဲ့ လူ ၅ ယောက်ကိုတော့ အခုအချိန်ထိဖမ်းထားတယ် ” ဟု အမည်မဖော်ပြလိုသည့် ကျေးရွာသားက ယနေ့နံနက်ပိုင်းတွင် DMG ကို ပြောသည်။

တပ်မတော်က သံသယဖြင့်ဖမ်းဆီးထားသူ ၅ ဦးမှာ ဦးမောင်တင်ညွန့် ၄၁ နှစ်၊ ဦးမောင်လှမြင့် ၃၇ နှစ်၊ ဦးတင်မောင်ညွန့် ၃၇ နှစ်၊ ဦးခင်မောင်လေး ၄၈ နှစ်နှင့် ဦးတင်မြင့် ၄၆ နှစ်တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးထားသူ ၅ ဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း အဆိုပါအမည်မဖော်လိုသူက ဆက်ပြောသည်။

“ဒီနေ့ ၉ နာရီလောက်ကတော့ ရွာကထွက်သွားတယ်။ ပြီးတော့ ယောချောင်းတံတားနားမှာ စောင့်နေကြတယ်။ ကျနော်တို့ရွာမှာ ထွက်ပေါက်ဆိုလို့ အဲဒီတစ်နေရာပဲရှိတာ” ဟု ၎င်းကဆိုသည်။

ယခုဖမ်းဆီးမှုနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ်မရခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများတွင် အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်ရှိကြောင်း ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...