မာန်အောင်ကျွန်းတွင် ငွေကျပ်သိန်း (၂၀၀) ခန့်တန်ဖိုးရှိ ဒီရေပင်များစိုက်ပျိုး

မာန်အောင်ကျွန်းတွင် ငွေကျပ်သိန်း (၂၀၀) ခန့်တန်ဖိုးရှိ ဒီရေပင်များစိုက်ပျိုး

အောင်ကောင်းဇော် - ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းမှ သိမ္ဗလကျေးရွာ ဒီရေတောအပါအဝင် ဒီရေတော ၇ ခုတွင် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၂၀၀) တန်ဖိုးရှိ ဒီရေပင်များကို နိုဝင်ဘာလ ၇ ရက်က စတင်စိုက်ပျိုးခဲ့သည်။

ယင်းသို့ဒီရေပင်များစိုက်ပျိုးရန် သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောထိန်းသိမ်းရေးအဖွဲ့(Harp) နှင့် လူသားချင်းအထောက်အကူပြုအဖွဲ့(MSN)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ ဦးသန်းဌေးက “ဒီရေတောစိုက်ပျိုးရတဲ့ အဓိကအကြောင်းအရင်းကတော့ သဘာဝဘေးအန္တရယ်ကာကွယ်ဖို့၊ ပြီးတော့ ရေလှိုင်းဒဏ်ကာကွယ်ဖို့၊  ဒေသတွင်း ငါးပုဇွန်ပေါက်ပွားနှုန်း မြင့်တက်လာနိုင်စေဖို့ဖြစ်တယ်” ဟု ပြောသည်။

ယခုဒီရေပင်များကို သိမ္ဗလကျေးရွာကမ်းခြေ၊ ခအုန်းမော်ကမ်းခြေ၊ တန်လှောင်ကုန်းကမ်းခြေ၊ ခုံရွာကမ်းခြေ၊ ဘူးရေမျက်ပြားကြီး၊ ငအင်း အစရှိသည့် ကမ်းခြေများတွင် စိုက်ပျိုးသွားမည်ဖြစ်သည်။

ဒေသခံများအနေဖြင့်လည်း ယခုစိုက်ပျိုးသည့်ဒီရေပင်များ ရှင်သန်ကြီးထွားစေရန်အတွက် ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်သည်။

“ဒီရေတောတွေ အောင်မြင်စွာကြီးထွားဖို့အတွက် ကူညီပေးသွားမယ်။ ဒီရေတော မရှိတာကြောင့် ပင်လယ်ကမ်းခြေကမ်းပါးတွေ ပြိုကျနေတဲ့နေရာတွေလည်း မာန်အောင်မှာအများကြီးရှိတယ်” ဟု မာန်အောင် ဒေသခံ ကိုသက်မိုးဝင်းက ဆိုသည်။

သဘာဝဘေးဒဏ်ကို ပိုမိုကာကွယ်နိုင်ရန်အတွက် ဒီရေပင်အစား ဓနိပင်များစိုက်ပျိုးပါက ပိုမိုထိရောက်မည်ဖြစ်ကြောင်း မာန်အောင်ဒေသခံ ဦးထွန်းမင်းက အကြံပြုပြောဆိုသည်။

“အခုစိုက်ပျိုးတဲ့ ဒီရေပင်တွေထက် ဓနိပင်ကိုစိုက်ပျိုးမယ်ဆိုရင် သဘာဝဘေးအန္တရယ်နဲ့ ကမ်းပါးပြိုကျမှုတွေကို ကာကွယ်ဖို့ ပိုထိရောက်မယ်လို့ ကျနော်မြင်တယ်” ဟု ၎င်းကဆိုသည်။

မာန်အောင်ဒေသည် မြစ်ဝကျွန်းပေါ်ဒေသ တစ်နေရာဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များတွင် အထူးအရေးပါသောနေရာတစ်ခုဖြစ်သည်။

၁၉၃၅ ခုနှစ်က မုန်တိုင်းဒဏ်နှင့် ရေကြီးမှုဒဏ်ကြောင့် မာန်အောင်တွင် လူ ၁၀၀ ကျော်သေဆုံးခဲ့ရပြီး ကျေးရွာ အချို့လည်း ပြောင်းရွှေ့ခဲ့ရသည့်ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ပွားခဲ့သည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...