NCA ထိုးရန် ယုံကြည်မှု ပြဿနာ ရှိနေဆဲဖြစ်ကြောင်း KNPP ပြော

NCA ထိုးရန် ယုံကြည်မှု ပြဿနာ ရှိနေဆဲဖြစ်ကြောင်း KNPP ပြော

ကြုံတွေ့နေရသည့် ပြည်နယ်အတွင်းရှိ မြေပြင်အခြေအနေများသည် ယုံကြည်မှုကို ကျဆင်းစေသည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ရေးမှာ ခက်ခဲနေဆဲဖြစ် သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောသည်။

KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက“ကျနော်တို့ ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေ အများကြီးပေါ့နော သတင်းထဲမှာ သိနေကျ တဲ့ဟာတွေက ယုံကြည်မှုကို ကျဆင်းစေတယ် ကျနော်တို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းနေတဲ့ အဖွဲ့မို့လို့သာ ဆက်ပြီး တော့ ပုံမှန်တွေ့ဆုံညှိနှိုင်းနိုင်တာ ဒါပေမယ့် တကယ်မြေပြင်မှာကျတော့ ယုံကြည်မှုတွေ ကျဆင်းစေတဲ့ အကြောင်းအရာတွေ ရှိနေတော့ အဲဒီ ယုံကြည်မှုကို ကျနော်တို့ ပြန်မြှင့်တင်ဖို့လိုတယ်” ဟုပြောသည်။

ထို့ကြောင့် KNPP နှင့် အစိုးရအကြား နှစ်ဖက်ယုံကြည်မှုကို ယခုထက်မက မြှင့်တင်ရန်နှင့် ရှိနေသည့် ယုံကြည် မှုများကိုလည်း ကျဆင်းသွားအောင် မလုပ်ဆောင်မိရန်လိုသည်ဟု KNPP ကဆိုသည်။

ထို့အပြင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ အပိုင်းများတွင်လည်း တစ်ဆို့မှုများ ရှိနေမည်ဆိုပါက KNPP အပါအဝင် အပစ်မရပ်ထားသည့် အဖွဲ့များအတွက် NCA လက်မှတ်ရေးထိုးရေးမှာ ပို၍ ခက်ခဲလာနိုင်သည်ဟု နဲနယ်ပလိုး က ဆက်ပြောသည်။

“တစ်ချိန်ထဲမှာပဲ NCA ကို အကောင်အထည်ဖော်တဲ့ အပိုင်းမှာလည်း တစ်ဆို့မှုမရှိပဲနဲ့ ဆက်ပြီးတော့ သွားနိုင်ဖို့ လိုမယ် အဲလိုတစ်ဆို့မှု ရှိနေတယ်ဆိုလို့ရှိရင် ကြာလာတော့ NCA ဖြစ်စဉ်အပေါ်မှာကိုက ယုံကြည်မှုတွေက ကျသွားတယ်။ ယုံကြည်မှုကျသွားတယ်ဆိုလို့ရှိရင် KNPP တစ်ဖွဲ့တည်း မဟုတ်ဘူး ထိုးပြီးသားတဲ့ အဖွဲ့တွေ အတွက်ရော မထိုးရသေးတဲ့ တစ်ခြားအဖွဲ့တွေအတွက်ရော အခက်အခဲတွေဖြစ်စေတယ်။”

အောက်တိုဘာလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်မှ တာဝန်ရှိသူများ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို နဲနယ်ပလိုးက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်ဖြစ်သည်။

ယမန်နေ့က KNPP နှင့် အစိုးရ ကိုယ်စားလှယ်တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးစဉ်က သဘောတူညီထားသည့် ကိစ္စရပ်များအား အကောင်အထည် ဖော်မှု ဆိုင်ရာအကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်သည့် နည်းလမ်းများ အကြောင်း၊ အစရှိသည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

ထို့အပြင် KNPP ဖက်မှ NCA လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပတ်သက်သည့် အဆိုပြုချက်တစ်ခုကို အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များထံ ပေးအပ်ခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောသည်။

“နောက်ထပ် အဆိုပြုချက် အသစ်တစ်ခုပေးတယ်။ ဒီအဆိုပြုချက်အသစ်ကို ကျနော်တို့ ယူသွားမယ် ယူ သွား ပြီးရင် ကျနော်တို့ အစိုးရ တပ်မတော် လွှတ်တော်ပေါ့ ပြန်ပြီးတော့ ထိုင်ဖို့ရှိတယ် ထိုင်ပြီးရင် KNPP နဲ့ ပြန် တွေ့ဖို့ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာပေါ့ NCA ရေးထိုးရေးနဲ့ ပတ်သက်တဲ့ဟာပေါ့ ဘယ်လိုသွားမ လဲဆိုတဲ့ဟာပေါ့ အဆိုပြုချက်အသစ်”

လက်ရှိမြေပြင် အနေအထားအရ NCA လက်မှတ်ရေးထိုးနိုင်ရန် အခက်အခဲများရှိနေသော်လည်း KNPP အနေ ဖြင့် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထို့အပြင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် KNPP အပါအဝင် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့နှင့် သီးခြားစီ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံမှုတွင် အပစ်ရပ်အဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်များ၏ ဥရောပခရီးစဉ်အတွင်း အလွတ်သဘော တွေ့ဆုံစဉ်က တွေ့ဆုံမှု ရလာဒ်များကို PPST အစည်းအဝေးအတွင်း တင်ပြဆွေးနွေးခဲ့သည့် အခြေအနေများ၊ နေပြည်တော်တွင် ပြုလုပ်မည့် NCA ၄ နှစ်ပြည့် အခမ်းအနား ကျင်းပမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည် ဟု ဆိုသည်။

“အဲဒီအခမ်းအနား ကျရင်တော့ ကျနော်တို့ လက်မှတ်ထိုးပြီးသား ခေါင်းဆောင်တွေ အားလုံးလာဖို့ရှိတယ် လာတဲ့ အခါမှာလည် းကျနော်တို့ အခု ဆွေးနွေးခဲ့တဲ့ အလွတ်သဘောပေါ့နော ဆွေးနွေးခဲ့တဲ့အပေါ်မှာ မူတည် ပြီးတော့ ကျနော်တို့ လမ်းကြောင်းပေါ်ကို ဘယ်လိုပြန်သွားမလဲဆိုတာကို ကျနော်တို့ ဆွေးနွေး သွားတာတွေရှိ တယ်။အဲ ဒီအနေအထားလေးတွေကို ကျနော်တို့ လာပြီးတော့ ညှိနှိုင်းတာ ဖြစ်တယ်ပေါ့နော RCSS နဲ့” ဟု ဦးဇော်ဌေး က ပြောသည်။

ကရင်အမျိုးသား အစည်းရုံး KNU နှင့် ဆွေးနွေးခဲ့သည့် အခြေအနေနဲ့ပတ်သက်၍ ဦးဇော်ဌေးက ယခုကဲ့သို့ ဆက်ပြောသည်။

“နောက် KNU တစ်ချို့ခေါင်းဆောင်တွေနဲ့လည်း ဒီခရီးစဉ်မှာတွေ့ပါတယ် အလွတ်သဘောပေါ့ တွေ့တဲ့အချိန် မှာ ကျနော်တို့နဲ့ KNU ကြားက အကြောင်းအရာလေးတစ်ချို့ပေါ့ ဒါလေးတွေလည်း ဆွေးနွေးနိုင်ခဲ့တယ်။”

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်ခဲ့သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် အပြုသ ဘောဆောင်သည့် ရလာဒ်များကို ရရှိခဲ့သည်ဟု ခေါင်းဆောင်များ က ပြောသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...