အချိန်အတော်ကြာ ရပ်တံ့နေခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပပြုလုပ်သွားမည်ဟု နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောသည်။
“ကျနော်တို့ အစိုးရဖက်က အဆိုပြုထားတာကတော့ လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ကျနော်တို့ ရွေးကောက်ပွဲတွေ မတိုင်ခင် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ကျင်းပမယ် ဒီအပေါ်မှာလည်း EAOs တွေကလည်း သဘောတူတယ်။”
အောက်တိုဘာလ ၁၈ ရက်နေ့ ယမန်နေ့က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး မှုအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးဇော်ဌေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။
စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်မည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ဖက်ဒရယ်မူဝါဒနှင့် သက်ဆိုင်သည့် သဘောထားများနှင့် ၂၀၂၀ အလွန်တွင် ဆက်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆွေးနွေး သထောတူညီမှု ရယူသွားမည်ဟု နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောသည်။
“ဒီညီလာခံရဲ့ ရလာဒ်က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ဆိုပြီး အဆိုပြုထားတာရှိတယ်။ အဆိုပြုထားတာ ခုနက ပြောတဲ့ အပိုင်း ၃ ပိုင်းပါဝင်မယ် ဘယ်လိုဖက်ဒရယ်မူ နိုင်ငံမျိုးလည်း ဆိုတဲ့ဟာကို အားလုံးသဘောတူညီချက်ယူမယ်။ အဲဒါက ဖက်ဒရယ်ရဲ့ structure ပိုင်းပေါ့ အပိုင်း ၂ ကတော့ ဖက်ဒရယ် အခြေခံမူတွေ ကျနော်တို့ သဘောတူညီချက်ယူမယ် အပိုင်း ၃ ကတော့ ၂၀၂၀ အလွန်ဘယ်လို ဆက်သွားမလဲ ဆိုတဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှု အဆင့်ဆင့် ဆိုပြီးသဘောတူညီချက်ယူမယ်။ ဒီ ၃ ပိုင်းက လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ဖြစ်သွားမယ်” ဟု ဦးဇော်ဌေး က ပြောသည်။
ထို့အပြင် ယခင်က ကျင်းပပြီးစီးထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံညီလာခံမှ ရရှိ ထားသည့် ဖက်ဒရယ် အခြေခံမူ ၅၁ ချက်ကိုလည်း လာမည့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီ လာခံတွင် ရရှိမည့် အချက်များဖြင့် ထည့်ပေါင်းကာ အသေးစိတ်ကျသည့် ဖက်ဒရယ်မူဝါဒကို ရရှိအောင် လုပ် ဆောင်သွား မည်ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောသည်။
NCA အပစ်ရပ် အဖွဲ့ များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက် စစ်ကလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့ သည့် PPST အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ၂၀၂၀ မတိုင်ခင် ဖက်ဒရယ် အခြေခံမူများကို ၂၁ ရာစု ပင်လုံညီလာခံတွင် ချမှတ်အတည်ပြုနိုင်အောင် လုပ်ဆောင်ရန် NCA အပစ်ရပ် အဖွဲ့များအား တိုက်တွန်းထားသည်။
“၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတဲ့ အတွက် ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် လိုအပ်တဲ့ အခြေခံ အုတ်မြစ် တွေ ၂၁ ရာစု ပင်လုံမှာ ချမှတ်အတည်ပြုထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်နဲ့ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် ဖြောင့် ဖြူးသွားမှာ ဖြစ်ပါတယ်။”
စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံညီလာခံတွင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးမပါဝင်နိုင်သော်လည်း အာလုံးလက်ခံသဘောတူနိုင်သော ဖက်ဒရယ် မူဝါဒနှင့် ဆိုင်သည့် အခြခံမူများကို ချမှတ်နိုင်အောင် လုပ်ဆောင်သွားမည်ဟု ဦးဇော်ဌေးက ပြောသည်။
ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ခေါ်) ၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့ အထိ ၅ ရက်တာ ကျင်းပခဲ့သည်။
ဒုတိယအကြိမ်အား ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး တတိယအကြိမ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံ ညီလာခံကို တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း တတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံ ညီလာခံ နောက်ပိုင်း အစိုးရနှင့် NCA အပစ် ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား နိုင်ငံရေး ဆွေးနွေးမှုများတွင် တစ်ဆို့မှုများ စတင်လာရာမှ ညီလာခံ ဆက်လက် ကျင်းပရေးမှာလည်း ရပ်တန့်ခဲ့ရသည်။







