ရခိုင်ပြည်နယ်တွင် တိုက်ပွဲရပ်တန့်ရန် စစ်ဘေးရှောင်များတောင်းဆို

ရခိုင်ပြည်နယ်တွင် တိုက်ပွဲရပ်တန့်ရန် စစ်ဘေးရှောင်များတောင်းဆို

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်သူလူထုများအတွက် ဆိုးကျိုးများဖြစ်ပေါ်နေသောကြောင့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန်လိုအပ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ဘေးရှောင် ဦးရေလည်း (၆၄၀၀၀)ကျော်အထိ ရှိလာသည်။ စစ်ဘေးရှောင်များလည်း စားဝတ်နေရေးအခက်အခဲ၊ ကျန်းမာရေး၊ ပညာရေးအခက်အခဲနှင့် တခြားအခက်အခဲများရှိနေသောကြောင့် တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန် တောင်းဆိုကြခြင်းဖြစ်သည်။

“တိုက်ပွဲ လုံးဝမဖြစ်စေချင်ဘူး။ ပစ်တာတွေလည်း မဖြစ်စေချင်ဘူး။ ကိုယ့်အိမ်မှာပဲ သားတွေသမီးတွေနဲ့ အေးအေးဆေးဆေးနေချင်တယ်။ အခု ထွက်ပြေးတဲ့နေ့ကစပြီး စားရတာ၊ နေရတာအခက်ခဲကြုံတယ်။ အိပ်ရတာအခက်ခဲကြုံတယ်။ စောင်တွေမပါ၊ အဝတ်တွေမပါ ကလေးတွေနဲ့ပြေးနေရတယ်။ ကျန်းမာရေးမညီညွှတ်တာတွေလည်း ဖြစ်ခဲ့ရတယ်။ အရီးတို့ ကိုယ့်ရခိုင်ပြည်မှာ အေးအေးဆေးဆေး လုပ်စားချင်တယ်။ အသက် ၆၀ ကျော်ပြီ။ ဒီလိုခံစားမှုမျိုး တခါမှမခံစားဖူးဘူး။ အခုစားရပေမယ့် ထမင်းတစ်လုတ်၊ မျက်ရည်တစ်စက်နဲ့ စားနေရတယ်။ အရီးတို့ ကိုယ့်အိမ့်ကို ပြန်ချင်တယ်” ဟု စစ်တွေမြို့ ဓမ္မာရာမဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒေါ်သောင်းမေက ပြောသည်။

တိုက်ပွဲများရှိနေလျှင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်ပေါ်ပြီး ကြောက်လန့်မှုများလည်းရှိနေကြသည်။ တစ်ဖက်တွင် တပ်မတော်ကလည်း ရခိုင်ကျေးရွာအချို့ကို ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး သံသယရှိနေသောကြောင့် ဝင်ရောက်စစ်ဆေးမှုများရှိနေပြီး ရွာသားတစ်ချို့လည်း ဖမ်းဆီးခံမှုများရှိနေသည်။

ထိုသို့ မဖြစ်ပေါ်စေရန်အတွက် တိုက်ခိုက်မှုများကို အမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းပေါ်မှာ ဆွေးနွေးကြရန် စစ်ဘေးရှောင်များက လိုလားကြသည်။

“တိုက်ပွဲတွေ ခဏခဏဖြစ်နေမယ်ဆိုလို့ရှိရင် လုပ်ရေးကိုင်ရေးနဲ့ ကိုယ့်လက်ဆယ်ချောင်းနဲ့ ကိုယ့်ခန္ဓာကိုယ် ရင်းပြီးလုပ်စားနေတဲ့လူတွေက မလုပ်စားရရင် စိတ်ချမ်းသာမလား၊ စိတ်ချမ်းမသာသည့်တိုင် မစားရမသောက်ရ လုပ်လို့ကိုင်လို့မရရင် ကလေးတွေကို ဘယ်လိုစာသင်မလဲ။ ကလေးတွေကို ဘယ်လိုကျွေးမွေးမလဲ။ အဲဒါတွေကို အကုန်လုံးပူပန်နေကြတယ်။ တိုက်ပွဲမဖြစ်ဖို့က အရေးကြီးတယ်” ဟု စစ်တွေမြို့ ဓမ္မာရာမ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဦးကုလားဖြူက ပြောသည်။

တစ်ဖက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသော်လည်း အစိုးရနှင့် AA တို့အကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိနေသည်။

သို့သော် တပ်မတော်၏ သဘောထားမှာ AA ကို ကချင်ပြည်နယ် လိုင်ဇာတွင်သာ အခြေစိုက်ခွင့်ပေးပြီး၊ AA ဘက်ကလည်း ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန် လိုလားသောကြောင့် ပဏမအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်( Bilateral) စာချုပ် ချုပ်ဆိုရန် အခက်အခဲရှိနေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...