၅ ပြည်နယ်မှ ပေါင်းစည်းပြီး တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးမှုပြီးစီး

၅ ပြည်နယ်မှ ပေါင်းစည်းပြီး တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးမှုပြီးစီး
၅ ပြည်နယ်မှ ပေါင်းစည်းပြီး တိုင်းရင်းသားပါတီခေါင်းဆောင်များအမှတ်တရ (Tu Ja Manam)
၅ ပြည်နယ်မှ ပေါင်းစည်းပြီး တိုင်းရင်းသားပါတီခေါင်းဆောင်များအမှတ်တရ (Tu Ja Manam)

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန် ၅ ပြည်နယ်တို့မှ ပေါင်းစည်းပြီးသော တိုင်းရင်းသားပါတီတို့၏ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးမှု ယနေ့ညနေပိုင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ Summit Parkview hotel ၌ ပေါင်းစည်းပြီးဖြစ်သော ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KSDP ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD နှင့် မွန်ညီညွတ်ရေးပါတီ MUP တို့က စက်တင်ဘာ ၃ ရက်နေ့မှစတင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက “အဓိကဆွေးနွေးကြတာက မြေယာနဲ့ သယံဇာတ သဘာဝဝန်းကျင်ဆိုင်ရာ မူဝါဒတွေပါ၊ ဖက်ဒရယ်ဘဏ္ဍာရေး မူဝါဒတွေလည်းပါတယ်၊ ကျနော်တို့ ၅ ပါတီအနေနဲ့ ဒီအချက်တွေအပေါ် သဘောထားတစ်ခုတည်းရရှိကြပြီးတော့ နောင်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးတင်ပြသွားဖို့ရှိပါတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

ယခုဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်သော အဆိုပါတိုင်းရင်းသားပါတီကြီး ၅ ခုမှ ဥက္ကဌများအားလုံး မျက်နှာစုံညီ တက်ရောက်ကြသဖြင့် အလွန်အားရကျေနပ်မိကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဒုဥက္ကဌ ဒူးဝါး ကွမ်ကောင်အောင်ခမ်းက (Duwa Gumgrawng Awng Hkam)က “မြေယာ၊ သယံဇာတ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို ကျနော်တို့ပါတီတွေမူဝါဒရေးဆွဲတဲ့အခါမှာ ပိုပြီးတော့အသေးစိတ်ကျအောင်ရေးဆွဲဖို့ လိုအပ်နေတယ်ဆိုတာ ကျနော်တို့အားလုံး သဘောတူကြပါတယ်” ဟု ဆိုသည်။

ထို့ပြင် ပြည်နယ် ၅ ခုမှ ပေါင်းစည်းရေးပါတီများ ဆက်လက်တွေ့ဆုံကြမည့်အစီအစဉ်ရှိပြီး တခြားတိုင်းရင်းသားပါတီများနှင့်လည်း လက်တွဲ၍ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အကောင်းဆုံးတည်ဆောက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သို့ရာတွင် ရခိုင်နှင့် ရှမ်းပြည်နယ်မှ တိုင်းရင်းသားပါတီများ ပေါင်းစည်းနိုင်ခြင်း မရှိသေးပေ။

ပြည်နယ်များမှ ပေါင်းစည်းပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများ ရန်ကုန်မြို့၊ ချင်းစင်တာ (Chin Center) ၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ပထမအကြိမ် ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...