ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မော်ဟစ်စုစည်း ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၈ ဦး လက်နက်ကြီးကျည်ထိမှန်ကာ ၅ ဦး အသက်သေဆုံးခဲ့ရပြီး ၃ ဦးမှာ ပြင်းထန်စွာ ဒဏ်ရရှိခဲ့ကြသည်။
ကွတ်ခိုင်ဒေသခံလည်းဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ (HST-NSS) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ မိုင်းမိုင်က “ကျမတို့ အခုသိရသလောက်ကတော့ အဲဒီ မော် ဟစ်ကျေးရွာမှာရှိတဲ့ သူတို့ပုန်းခိုနေတဲ့ သူတို့အိမ်မှာပဲ ကလေးက ၉ နှစ်အရွယ် ယောက်ကျားလေးတစ်ယောက်ရယ် မိန်းကလေးက ၅ လအရွယ်ကလေးတစ်ယောက်ရယ် ဆုံးသွားတယ်။ အမျိုးသမီး ၃ ယောက်ဆုံးသွား တယ်။ ကျန်တဲ့ ၃ ယောက်မှာ ယောက်ကျား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်က အခု ဆေးရုံမှာပေါ့။ ၈ ယောက် ဆုံးတာက ၅ ယောက် ပေါ့ ကလေးအပါအဝင်ပေါ့” ဟုပြောသည်။
ကွတ်ခိုင်မြို့အတွင်း လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် တစ်နှစ်သားအရွယ်ကလေးငယ်လေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး၊ ၃ ဦးကတော့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ တစ်ဦးကို လားရှိုးဆေးရုံကြီးသို့ လွှဲပြောင်းပေးထားပြီး ကျန်လူနာများမှာ ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။
သြဂုတ်လ ၃၁ ရက်နေ့ ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ကွတ်ခိုင်မြို့ရှိ ရပ်ကွက် ၈ အထွက် နတ်စင်အနီးတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များထဲမှာ PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA ညီနောင် ၃ ဖွဲ့ နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး တစ်ဖက်နှင့် တစ်ဖက် လက်နက်ကြီး ပစ်ခတ်ရာမှ လက်နက်ကြီးကျည်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် ၁ ဖက်ရှိ မော်ဟစ်စုစည်း ကျေးရွာအတွင်းသို့ ကျရောက် ပေါက် ကွဲခဲ့ခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံ မိုင်းမိုင်က ပြောသည်။
“ဘယ်သူပစ်လို့ ပစ်မှန်းမသိဘူး ဒါပေမယ့် သေချာတာတစ်ခုကတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လက်နက်ကြီး မြန်မာတပ်မတော်ကလည်းသုံးတယ် ဒီဖက်ကလည်း သုံးတယ်ပေါ့နော်။ ဒါပေမယ့် အဓိက တိုက်ပွဲ ဖြစ်နေတာက ဒီဖက်ရပ်ကွက် ၈ ဖက် လို့ ပြောရမှာပေါ့ အခုဖြစ်တာက ရပ်ကွက် ၁ ဖက် မော်ဟစ်ကျေးရွာက ရပ်ကွက် တစ်ဖက် မူဆယ် အထွက်လမ်းဖက်မှာဖြစ်တယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်တာက ဒီလားရှိုးလမ်းဖက်မှာဖြစ်တာ။”
ဒေါ်လုဆန် အသက် (၁၈) နှစ်၊ မဆိုင်းခေါန် (၁) နှစ်၊ နန်းမွန်းပန် အသက်(၁၄) နှစ်၊ မောင်ဇော်ခွန်လတ် အသက် (၈) နှစ် အရွယ်နှင့် ဒေါ်ထွယ်ဂျာ အသက် (၃၅) နှစ်တို့ လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့သည်။
ထိခိုက်ဒဏ်ရာရသူများမှာ မရွယ်ဘူ၊၊ ကိုဘောက်လာ နှင့် ဦးဂျုံးဒေါင်တို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြောင့် ဒေသခံပြည်သူများမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု ပိုမိုများပြားလာသည့်အပြင် အသက်သေဆုံးမှုများလည်း တိုးလာသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။
သြဂုတ်လ ၃၁ ရက်နေ့ ယနေ့တွင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် အခြားတစ်ဖက်တွင် မြောက် ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရတို့ ရှမ်းပြည်နယ် ကျိုင်းတုံတွင် ပဏာမ အပစ်ရပ်နိုင်ရေး နှစ်ဖက် တွေ့ဆုံညှိနှိုင်းခဲ့ ကြသည်။
ယနေ့ပြုလုပ်သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်များ မေးမြန်းရာ ULA/AA က ဒေါက်တာညိုထွန်းအောင်က “ကျနော်တို့ကတော့ ပြည်သူလူထုကို ထိခိုက်အောင်တော့ ဘယ်တော့မှမလုပ်ပါ ဘူး။ ဘာလို့လဲဆိုတော့ ရခိုင်ဒေသမှာဆိုရင် ရခိုင်လူမျိုးတွေဖြစ်တယ်။ တအာင်းမှာဆို တအာင်းလူမျိုးတွေဖြစ် တယ်။ ကချင်မှာဆို ကချင်လူမျိုးတွေဖြစ်တယ်။ ကိုယ်လူမျိုးတွေကို သတ်တဲ့အဖွဲ့အစည်းမလည်း မဟုတ်ဘူး။ ဆိုတော့အရပ်သားတွေကို ပစ်တာကတော့ အခုလောလောဆယ် ကျနော်တို့မပစ်ဘူးလို့ ပြောလို့ရပါတယ်” ဟု ဖြေကြားခဲ့သည်။
ဆွေးနွေးပွဲပြုလုပ်နေသည့် တစ်ဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး အရပ်သားထိခိုက် သေဆုံးမှုနှင့် ပတ်သက်၍ HST-NSS မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းမိုင်က ယခုလို ပြောသည်။
“အခုအချိန်မှာ တိုက်ပွဲဖြစ်နေတဲ့အပေါ်မှာ အရပ်သားထိခိုက်မှုတွေက အရမ်းလာတယ်။ အဲတော့ တိုက်ပွဲရဲ့ အကျိုးအမြတ်ကို မတွက်ပဲနဲ့ ဒီငြိမ်းချမ်းရေးကို တကယ့် စိတ်ရင်းစေတနာအမှန်နဲ့ အခုထိသွားတဲ့ ကလေးတွေ အပေါ်မှာ ကိုယ့်သားသမီး ကိုယ့်ညီမ ကိုယ့်တူမအရွယ် အဲဒီဟာကို ကိုယ်ကိုတိုင် ခံစားကြည့်ပြီးမှ ဒီစစ်ပွဲကို ရပ်ပေးကြပါတော့လို့ ပြီးရင် ငြိမ်းချမ်းရေး ဖြစ်အောင်လည်း ဆွေးနွေးပေးကြပါလို့ တိုက်တွန်းပြောဆိုချင်ပါတယ်” ဟု ပြောသည်။
သြဂုတ်လ (၃၁) ရက်နေ့ ယနေ့ နံနက်ပိုင်းကစတင်ပြီး ကွတ်ခိုင်မြို့ရှိ ရပ်ကွက်(၈)၊ နတ်စင်ကုန်း၊ မနောကွင်းနှင့် ဂေါက်ကွင်းနေရာများတွင် တပ်မတော်နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။







