အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ သြဂုတ် ၃၁ တွင် တွေ့ဆုံရန် ချိန်းဆို

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ သြဂုတ် ၃၁ တွင် တွေ့ဆုံရန် ချိန်းဆို

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ သြဂုတ်လ ၃၁ ရက်နေ့တွင် ပဏာမ အပစ်ရပ်စာချုပ် Bilateral ကိစ္စ ရပ်များကို တွေ့ဆုံ ဆွေးနွေးကြမည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG က ပြောသည်။

“အခုလောလောဆယ်တော့ တွေ့ဖို့တော့ အစီအစဉ်တော့ ရှိတယ်။ ကျနော်တို့လည်း မနက်ဖြန်ဆင်းဖို့တော့ အစီအစဉ်ရှိတာပေါ့နော်။ ဒါပေမယ့် တကယ်ဖြစ်လာတဲ့ အချိန်ကျမှပဲ ဘယ်နေရာဆိုတာ သိမယ်။ ၃၁ ရက်နေ့ လုပ်ဖို့တော့ အစီအစဉ်တော့ရှိတယ်” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးဆမ်အောင်က ပြောသည်။

တွေ့ဆုံဆွေးနွေးမည့် နေရာနှင့် ပတ်သက်၍ ဦးဆမ်အောင်က ယခုလိုဆက်ပြောသည်။

“နေရာကတော့ အဆင်ပြေလောက်ဖို့ နီးပါပြီ ကျိုင်းတုံများ ဖြစ်လာမလားပေါ့။ ဒါပေမယ့် တကယ်ဖြစ်လာတဲ့ အချိန်မှပဲ အတည်ဖြစ်မှာပါ” ဟုပြောသည်။ “ဘယ်သူဘယ်သူပါမယ်ဆိုတာ နာမည်စာရင်းတော့ ကျနော်တု့ိ မသိသေးဘူးခင်ဗျာ။ တပ်မတော်က ပါမယ် မပါဘူး ဆိုတာကတော့ အမှန်တော့ အပစ်ရပ်ဆိုတာကတော့ တပ်မတော်က ပါတော့ပါရမှာပေါ့။”

ဧပြီလ ၃၀ ရက်နေ့က မူဆယ်မြို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း ဆက်လက် တွေ့ဆုံ ဆွေးနွေးနိုင်ရန် နေရာညှိနှိုင်းရာတွင် အဆင်ပြေမှု မရရှိသည့်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ကာလအတော်အကြာ ပြတ်တောက်သွားခဲ့ကြသည်။

မိုင်းလားတွင် တွေ့ဆုံနိုင်မည်ဆိုပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့အများအတွက် ပို၍ အဆင်ပြေနိုင်သည်ဟု ရက္ခိုင့်တပ်တော် ULA/AA က ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက“မိုင်းလားဆိုလို့ရှိရင် ကျနော်တို့ ရဲ့ ဒီမ ဟာမိတ်နယ်မြေလည်း ဖြစ်တယ်ဆိုတော့ အဲဒီမှာကတော့ ဖြစ်နိုင်ခြေက ပိုများတာပေါ့နော်” ဟု ပြောသည်။

အစိုးရဖက်မှ ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးရန် အဆိုပြုလာသည့်အပေါ် ခိုင်သုခက ယခုလိုဆက်ပြောသည်။

“အခုဒီကျိုင်းတုံကို ပြောလာလို့ရှိရင်တော့ ဒီဟာကတော့ သိပ်ပြီးတော့ မသေချာသေးဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျိုင်းတုံက အရင်ကလည်းပဲ ဗမာစစ်တပ်က အဆိုပြုခဲ့တာရှိတယ်။ အဆိုပြုတုန်းကလည်း ကျနော်တို့ဖက်က မသွားခဲ့ဘူး။ ဆိုတော့ဒီတစ်ကြိမ်မှာလည်းပဲ အဲဒီလိုဖြစ်လာမယ်ဆိုလို့ရှိရင် သိပ်ပြီးတော့ အလားအလာ မရှိဘူးလို့ ထင်တာပဲ။”

သို့ရာတွင် သွားမည်မသွားမည်ကို ဌာနချုပ်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ခိုင်သုခက ပြောသည်။

တပ်မတော်မှ တစ်ဖက်သတ် အပစ်ရပ်စဲထားသည့် ကာလလည်း ကုန်ဆုံးတော့မည် ဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်လာသည့်အတွက် တွေ့ဆုံမှုမပြုလျှင် မဖြစ်တော့သည့် အနေအထားတွင် ရှိနေသည်ဟု ဦးဆမ်အောင်က ပြောသည်။

“တစ်ခုခုကလည်း လုပ်ရမယ့် အနေအထားမျိုး၊ ပြီးတော့ ပြည်တွင်းပြည်ပ အကုန်လုံးကလည်း အမြန်ဖြစ်စေ ချင်တဲ့ ဆန္ဒတွေ ရှိကြတာပေါ့။ တရုတ်ပြည်က အစပေါ့နော်။”

သြဂုတ်လ ၃၁ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုဖြစ်လာပါက နှစ်ဖက်ဆွေးနွေးမှုအပေါ် မူတည်၍ ဖြစ်ပွားနေသည့် တိုက်ပွဲများကို တစ်စုံတစ်ရာ လျှော့ချလာနိုင်ကောင်း လာနိုင်မည်ဟု PCG က မျှော်လင့်သည်။

“ကျနော်တို့ကတော့ အများကြီးမျှော်လင့်ချင်တာပေါ့နော်။ တစ်ခါတည်း အပစ်ရပ် လက်မှတ်ထိုးတဲ့အထိ မျှော်လင့်ချင်ပါတယ်။ ဒါပေမယ့် အဲလောက်မဟုတ်ရင်လည်း ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာတော့ တွေ့ဆံဆွေးနွေးမှုတွေကတော့ အရေးကြီးပါတယ်။ ဒါကြောင့် မဆွေးနွေးတာထက်စာရင်တော့ ဆွေးနွေးတာကတာ့ ပိုကောင်းတာပေါ့နော်။ ပြေလည်မယ် မပြေလည်ဘူးဆိုတာကတော့ နှစ်ဖက်တွေ့ဆုံတဲ့ ဆွေးနွေးချက်တွေ အပေါ်မှာပဲ မူတည်ကြမှာပေါ့ခင်ဗျာ” ဟု ဦးဆမ်အောင် က ပြောသည်။

အစိုးရနှင့် အပစ်ရပ် စာချုပ်မူကြမ်း Bilateral ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ဖြစ်သည်။

၎င်း မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...