မောင်တော ၃ မိုင် စစ်ဆေးရေးဂိတ်အနီးတွင် မိုင်းပေါက်ကွဲ

မောင်တော ၃ မိုင် စစ်ဆေးရေးဂိတ်အနီးတွင် မိုင်းပေါက်ကွဲ

မောင်တော-ဘူးသီးတောင် လမ်းပေါ်ရှိ ၃ မိုင် နယ်ခြားစောင့်စစ်ဆေးရေးဂိတ်အနီးတွင် သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၈ နာရီခွဲအချိန်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အငူမော်မှ မောင်တောသို့လာသည့် ဒေသခံကားတစ်စီးမှာ ၎င်းမိုင်းပေါက်ကွဲမှုကိုကြုံခဲ့ရပြီး မိုင်း ၃ လုံးပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်း ကိုမဲမောင်က ပြောသည်။

“၃ မိုင်အရောက်မှာ စစ်တပ်က ကား ၁၀ စီးလောက် တန်းပြီး ရပ်တန့်ထားပါတယ်။ အချိန်ကလည်း ၈ နာရီကျော်ပြီဆိုတော့ ညမထွက်ရအမိန့်နဲ့ လမ်းကိုဖြတ်သွားခွင့်မရမှာစိုးပြီး စစ်တပ်ကကားတန်းကိုကျော်တက်ပြီး ကားကို မောင်းလာခဲ့ပါတယ်။ ၃ မိုင်စစ်ဆေးရေးဂိတ်အလွန် တံတားငယ်အနားရောက်တဲ့အချိန်မှာ ညာဖက်ကတစ်လုံး စပေါက်တယ်။ ကားကိုဘယ်ဘက်ကိုဆွဲမောင်းတော့ ဘယ်ဖက်က ၂ လုံး ဆက်ပေါက်ပြန်တယ်။ ပြင်းအားနည်းတော့ ကားက ဘာမှထိခိုက်မှုမရှိခဲ့ပါဘူး။ ကားကို ဘူးသီးတောင်အရောက် အမြန်ဆုံးမောင်းလာခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုမိုင်းပေါက်ကွဲသည့်နေရာမှာ ၃ မိုင် နယ်ခြားစောင့် စစ်ဆေးရေးဂိတ်နှင့် အမှတ်(၂) နယ်ခြားစောင့် စခန်း အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စစ်တပ်ကားတန်းကို ကျနော့်ကားကကျော်လာတော့ စစ်တပ်ကားထင်ပြီးဖောက်တာဖြစ်နိုင်တယ်။ နောက်တစ်ခုက စစ်တပ်ကားတန်းက မိုင်းပေါက်မှာကိုကြိုသိလို့ ကားတွေကိုရပ်တန့်ထားတာလည်း ဖြစ်နိုင်ပါတယ်” ဟု ကိုမဲမောင်က သုံးသပ်ပြောဆိုသည်။

မိုင်းပေါက်ကွဲမှုအား မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က အတည်ပြုပြောကြားပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှုများမရှိကြောင်းလည်း ပြောသည်။

“၃ လုံးမဟုတ်ပါဘူး ၂ လုံးပါ။ စစ်တပ်က ယာဉ်တန်းကျော်ပြီးမှကွဲတာပါ။ ထိခိုက်မှုတော့မရှိပါဘူး။ ဘယ်သူထောင်တာလည်းဆိုတော့ အေအေအဖွဲ့ပေါ့ဗျာ။ အာဆာကတော့ ဒီနေရာကို ရောက်မလာနိုင်ပါဘူး။ လက်ရှိ လုံခြုံရေးအနေမထားက ပုံမှန်ဆောင်ရွက်လျက်ပါ” ဟု ဦးစိုးအောင်က ပြောသည်။

မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)ကို မေးမြန်းရာ ၎င်းမိုင်းပေါက်ကွဲမှုသည် AA မှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဆိုသည်။

“အဲဒါ ကျနော်တို့ဘက်ကလုပ်တာမဟုတ်ဘူး။ ကျနော်ထင်တာတော့ ဒေသတွင်း မငြိမ်မသက်ဖြစ်အောင် စစ်တပ်ဘက်က လုပ်ကြံပြီးတော့ ဒေသတွင်းပြည်သူတွေကို အကြောက်တရားတွေလွှမ်းမိုးလာအောင် လုပ်တဲ့ သဘောလို့ပဲ ထင်တယ်” ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

AA ၏ ပြောဆိုချက်အပေါ် DMG မှ တပ်မတော်အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

မောင်တောမြို့နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့က ဗောဓိကုန်းကျေးရွာနှင့် ရွှေရင်အေးကျေးရွာကြားနှင့် သြဂုတ်လ ၁၁ ရက်နေ့က ရွှေရင်အေးကျေးရွာအနီးတို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မောင်တောမြို့နယ်တွင် ယခုသြဂုတ်လအတွင်း မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံ ပြည်သူများ သွားလာရာတွင်စိုးရိမ်မှုရှိနေကြသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...