၂၀၂၀ မဲစာရင်းအတွက် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူဦးရေစာရင်း ကောက်ခံ

၂၀၂၀ မဲစာရင်းအတွက် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူဦးရေစာရင်း ကောက်ခံ
ကြာအင်းဆိပ်ကြီးမြို့အဝင် ဆိုင်းဘုတ်(Internet)
ကြာအင်းဆိပ်ကြီးမြို့အဝင် ဆိုင်းဘုတ်(Internet)

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲစာရင်းပြုစုရန် အိမ်ထောင်စုစာရင်းများကို ရပ်ကျေးလူဦးရေစာရင်းကောက်ယူရေးအဖွဲ့က လိုက်လံကောက်ခံလျှက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတို့ပါဝင်သည့် ရပ်ကျေးလူဦးရေ စာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်းပြီး အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

“အိမ်ထောင်စုလူဦးရေစာရင်းကတော့ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ကောက်နေတာပေါ့။ အဓိကကတော့ အခြေခံမဲဆန္ဒစာရင်းအတွက်ပေါ့ဗျာ လူဦးရေစာရင်းတွေ ရပ်ကွက်ကျေးရွာအလိုက် ကောက်နေတာပေါ့။” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝေယံကျော်က ပြောသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လပထမပတ်မှ စတင်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းကို ယခု သြဂုတ်လကုန်တွင် အပြီးသတ်နိုင်ရန် လျာထားကြောင်း၊ သြဂုတ်လ ၂၂ ရက်နေ့စာရင်းအရ အိမ်ထောင်စုစာရင်းပေါင်း ၃ သောင်း ၂ ထောင်ကျော်ရရှိပြီးဖြစ်ကြောင်း သိရသည်။

ဦးဝေယံကျော်က “အိမ်ထောင်စုစာရင်းရှိတဲ့လူရော၊ မရှိတဲ့လူရော၊ ၁၈ နှစ်အထက်၊ ၁၈ နှစ်အောက်ရော လူဦးရေအားလုံးကို ကောက်တာပေါ့။ မဲစာရင်းပြုစုတာကိုတော့ ၁၈ နှစ်အထက်ကိုပဲ ပြုစုတာပါ။ အဲဒါကိုတော့ ကော်မရှင်အပိုင်း ဖြစ်သွားပြီ၊ ကျနော်တို့အပိုင်းကတော့ အိမ်ထောင်စုတစ်စုချင်းအလိုက်ကို ရှိသမျှလူအကုန်ကောက်တာပေါ့” ဟု ပြောသည်။

ထို့အပြင် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် ကေအဲန်ယူ ထိန်းချုပ်မှုအောက်တွင်ရှိ ကျေးရွာများတွင်လည်း နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ခဲ့ရပြီး အခက်အခဲမရှိကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် ယခုအကောင်အထည်ဖော်နေသည့် လူဦးရေစာရင်းကောက်ခံခြင်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံရှင်းလင်းထားခြင်းမရှိတဲ့အတွက် မည်သည်ကိစ္စအတွက် လုပ်ဆောင်နေသည်ကို မသိရှိသေးကြောင်း နတ်ချောင်းကနားကျေးရွာအုပ်စုရှိ ဝေသာလီအရှေ့ပိုင်းကျေးရွာမှ မင်းစတိုင်ဉာဏ်က ပြောသည်။

မင်းစတိုင်ဉာဏ်က “ဒီကိစ္စကို ကျနော်စုံစမ်းတဲ့အခါကျတော့ မှတ်ပုံတင်ရှိတဲ့လူတွေကိုပဲ လိုက်ကောက်နေတာရှိ သလို မှတ်ပုံတင်မရှိတဲ့လူဆိုရင် သူတို့ကိုစာရင်းပေးထား မှတ်ပုံတင်လုပ်ပေးမယ်ဆိုပြီး ဒါမျိုးလည်းရှိတယ်။ လောလောဆယ်တော့ ကျနော်တို့ရွာမှာ လာမကောက်ရသေးဘူး၊ ကျနော်တို့ရွာအနီးအနားက လိပ်ပျော့၊ ဝေသာလီအနောက်ပိုင်းရွာတို့မှာ သူတို့လာကောက်ပြီးသွားပြီ၊ သူတို့က ဘာအတွက်လာကောက်တာလဲ မသိဘူးဖြစ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၇ ခုအနက် လုံခြုံရေးအကြောင်းပြ၍ ကျေးရွာအုပ်စု ၁၀ စုနှင့် မြို့ပေါ်ရပ်ကွက် ၁၆ ခုခန့်သာ မဲပေးခွင့်ရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ မဲပေးပိုင်ခွင့်မရှိသည့်နေရာများမှာ တောင်ပေါက်ဒေသ မွန်ရွာ ၃၄ ရွာအပြင် ဘုရားသုံးဆူ-သံဖြူဇရပ်မော်တော်ကားလမ်းအနီးတဝိုက်ရှိ ကျုံခဝန်း၊ ဖားပြ၊ လွှတ်ရှမ်း၊ အနန်းကွင်း၊ ဝင်းခန၊ ကျောက်ဘီလူး၊ ကိုးမား၊ ကျွန်းချောင်းစသည့်ကျေးရွာအုပ်စုများ၊ အပလုံ၊ တားဒိန်၊ ထီးဝါးဒို၊ ဗလဲ့ဒွန်ဖိုက်နှင့် ခလော့ဟနီရွာများပါဝင်ခဲ့ကြောင်း သိရသည်။

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...