AA ထိပ်ပိုင်းခေါင်းဆောင်များကို တရားစွဲဆိုထားခြင်းမှာ အစိုးရနှင့်မသက်ဆိုင်ကြောင်း ဦးဇော်ဌေးပြော

AA ထိပ်ပိုင်းခေါင်းဆောင်များကို တရားစွဲဆိုထားခြင်းမှာ အစိုးရနှင့်မသက်ဆိုင်ကြောင်း ဦးဇော်ဌေးပြော

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားခြင်းမှာ အစိုးရနှင့်မသက်ဆိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကဆိုသည်။

နိုင်ငံတော်သမ္မတအိမ်တော်၌ သြဂုတ်လ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တရားစွဲတဲ့ကိစ္စက အစိုးရစွဲထားတာမဟုတ်ဘူး။ ဘယ်သူစွဲထားလည်း ပြန်ကြည့်စေချင်တယ်။ အမှုဖွင့်တဲ့တရားလိုကို ပြန်ကြည့်လိုက်ပေါ့။ ကျနော်တို့ အစိုးရကတော့ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ကဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိတဲ့သူတွေကိုမေးတာ အကောင်းဆုံးဖြစ်လိမ့်မယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

AA ထိပ်ပိုင်းခေါင်းဆောင်များကို မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာသား ၆ ဦးအပါအဝင် ချောင်းသစ်ကျေးရွာ၊ မင်းပြားမြို့နယ် အိုင်ဝန်းကျေးရွာ၊ စစ်တွေမြို့နယ် စံပြရွာနှင့် ကျောက်တန်းကျေးရွာသား စုစုပေါင်း ၁၂ ဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည့်အမှုတွင် ပူးတွဲအမှုစွဲတင်ထားခြင်းဖြစ်သည်။

အမှုတွဲတွင်ပါဝင်သူများမှာ ရက္ခိုင့်တပ်တော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီးကျော်ဟန်နှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ တို့ဖြစ်သည်။

ကျေးရွာသား ၁၂ ဦးကို အကြမ်းဖက်ရန်စေခိုင်းခဲ့သူများမှာ AA မှ ဖြစ်သည်ဟုဆိုကာ AA ၏ ထိပ်ပိုင်းခေါင်းဆောင် ၄ ဦးကို တရားစွဲဆိုခြင်းဖြစ်ကြောင်း တိုင်ကြားချက်တွင်ဖော်ပြထားပြီး ၎င်းတို့အားလုံးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သူရက တရားစွဲဆိုထားခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA အနေဖြင့် တစ်စုံတစ်ရာပြောဆိုထားခြင်း မရှိသေးပေ။

AA ထိပ်ပိုင်းခေါင်းဆောင်များကိုဖမ်းဆီးရန် ရဲအင်အားမလုံလောက်ဟုဆိုကာ ဇူလိုင်လ ၁၈ ရက်နေ့ရုံးချိန်းတွင် ရဲဘက်မှအကြောင်းပြခဲ့ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၂ ဦး၏အမှုကိုလည်း စတင်စစ်ဆေးနိုင်ခြင်းမရှိခဲ့ပေ။

“ရဲအကြောင်းပြတာက ရဲအင်အားမလုံလောက်တဲ့အတွက်ဆိုပြီးတော့ အကြောင်းပြတယ်။ တကယ်တန်းတော့ ဒါလက်တွေ့မှာ လုံးဝ အခြေအမြစ်မရှိတဲ့ကိစ္စ” ဟု ဖမ်းဆီးခံထားရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကပြောသည်။

လက်ရှိ ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာသား ၆ ဦးမှာ မတ်လ ၁၂ ရက်နေ့က မြောက်ဦးမြို့သို့ လူနာပို့ဆောင်ရန်လာစဉ် လူနာနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းလူနာမှာ ဖမ်းဆီးခံရပြီး မကြာမီရက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...