ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သူများဟုဆိုကာ လူ (၈)ဦးကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဖမ်းဆီးကာ တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
မသင်္ကာဖွယ်ရာ လူ(၁၀)ဦးကို တင်ဆောင်လာသည့် ကား ၁ စီးသည် ပုဏ္ဏားကျွန်းဘက်သို့ ဦးတည်မောင်းနှင်သွားကြောင်း သတင်းအရ ဇူလိုင်လ ၂၇ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းကားကို ယာဉ်မောင်း ဦးထွန်းမြင့်ဆိုသူ မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ရသေ့တောင် - ပုဏ္ဏားကျွန်း ခရီးသည်တင်ပို့ဆောင်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။ လူငယ် ၁၀ ဦးအနက် ၈ ဦးမှာ AA သို့ဝင်ရောက်ရန် စည်းရုံးခံရမှုကြောင့် ကျောက်တော်မြို့နယ်၊ ပေါက်တော(ပလောင်)ကျေးရွာမှ လာရောက်စဉ် ဖမ်းဆီးခံရခြင်းဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းဖြစ်စဉ်တွင် ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာမှ အသက် (၁၄) နှစ်အရွယ် မောင်သိန်းသိန်းနှင့် အသက် (၁၈) နှစ်ရွယ် မောင်နေလင်းထွန်းတို့နှစ်ဦးလည်း ဖမ်းဆီးခံရသည်ဟု မိသားစုဝင်များက ပြောသည်။ သို့သော် ၎င်းတို့၏ “အမည်၊ ဓာတ်ပုံ” တို့ကိုမူ တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြမှုမရှိပေ။
“ကျွန်တော့်သားက AA နဲ့ဆက်စပ်မှုမရှိပါ။ ဆယ်တန်းကျောင်းတက်ဆဲပါ။ သူက ရွာမှာကျောင်းဆရာငှားပြီးတော့ ဝိုင်းတက်နေတာပါ။ ကျွန်တော်တို့က စိုးရိမ်မှုတွေဖြစ်ပေါ်နေပြီး ဝမ်းနည်းနေရပါတယ်။ ကျွန်တော်တို့သားကို လွှတ်ပေးစေချင်ပါတယ်” ဟု နေလင်းထွန်း၏ ဖခင် ဦးမောင်ခင်မြက ဆိုသည်။
ဇူလိုင်လ ၂၀ ရက်နေ့က တပ်မတော်ရေယာဉ်သုံးစီးကို AA က တိုက်ခိုက်သောကြောင့် တပ်မတော်ဘက်ကလည်း ယင်းအနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် ယင်းရွာက ဒေသခံများမှ တခြားကျေးရွာများသို့ ထွက်ပြေးသွားစဉ် နေလင်းထွန်းနှင့် မောင်သိန်းသန်းဦး ဆိုသူမှာလည်း တခြားကျေးရွာသို့ ထွက်ပြေးသွားသဖြင့် မိသားစုနှင့် အဆက်အသွယ်မရရှိခဲ့ပေ။ အဖမ်းခံရသည်ကို ရဲတပ်ဖွဲ့က အကြောင်းကြားလာမှ သိရသည်ဟု ဦးမောင်ခင်မြက ဆက်လက်ပြောသည်။







