ရေးမြို့နယ်တွင် ပင်လယ်ပြင်၌ မျောပါလာသည့် မူးယစ်ဆေးများအား သိမ်းဆည်းရောင်းဝယ်ခြင်းမပြုရန် ရဲတပ်ဖွဲ့ နှိုးဆော်

ရေးမြို့နယ်တွင် ပင်လယ်ပြင်၌ မျောပါလာသည့် မူးယစ်ဆေးများအား သိမ်းဆည်းရောင်းဝယ်ခြင်းမပြုရန် ရဲတပ်ဖွဲ့ နှိုးဆော်
သတင်း/ဓါတ်ပုံ - ရဲနိုင်
သတင်း/ဓါတ်ပုံ - ရဲနိုင်

ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်သဖြင့် ပင်လယ်ပြင်အတွင်းမျောပါတွေ့ရှိရသည့် မူးယစ်ဆေးဝါးများ အား သိမ်းဆည်းရောင်းဝယ်ခြင်းမပြုလုပ်ရန် ရေးမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေတလျှောက်က ကျေးရွာတွေကို လိုက်လံအသိပေးနှိုးဆော်လျက်ရှိနေကြောင်း ရေးမြို့နယ်မူးယစ်တပ်ဖွဲ့စု (၃၉)မှ ဒုရဲမှူး နိုင်အောင်ခိုင်က ပြောကြားသည်။

ယခုလ ၁၅ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ မန်ကျည်းကျေးရွာအုပ်စု၊ မန်ကျည်းချောင်း၀ နှင့်တစ်မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်း ငါးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ကျားပိုက်ဖော်ရန်ထွက်ခွာစဉ် ရေထဲမျောလာသည့် ဆာလာအိတ်အားဆယ်ယူဖွင့်ကြည့်ရာ တရုတ်လက်ဖက်ခြောက်အိတ်များ တွေ့ရှိသဖြင့် စားစရာအမှတ်ဖြင့် ယူခဲ့သော်လည်း အိမ်ရောက်၍ ဖွင့်ကြည့်ခဲ့ရာ အမည်မသိပစ္စည်းများ တွေ့ရှိခဲ့ရကြောင်းနှင့် နောက်တစ်နေ့နံနက်တွင် ရွာခွဲခေါင်းဆောင်ထံမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

စစ်ဆေးကြည့်ရာမှ တဆင့် Qing Shan တံဆိပ် အစိမ်းရောင်တရုတ်လက်ဖက်ခြောက်အိတ်ခွံအတွင်း အဖြူပလတ်စတစ်အိတ်ဖြင့်ထည့်လျက် အိုက်စ်(မတ်အဖက်တမင်း)ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၁ ကီလိုခန့်စီပါ ၁၄ ထုပ်၊ စုစုပေါင်းအလေးချိန် ၁၄ ကီလို (၁ ကီလိုထုပ် ၆ ထုပ်ပါ ပါကင်အထုပ်ကြီး ၂ ထုပ်၊ ၁ ကီလို ၂ ထုပ်) ကာလတန်ဖိုး ၁ ကီလိုလျှင် ကျပ်သိန်း ၂၅၀ နှုန်းဖြင့် စုစုပေါင်း သိန်း ၃၅၀၀ တို့အား သက်သေများရှေ့ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

“ ပင်လယ်ထဲ သင်္ဘောပေါ်ကနေ တစ်ခုခုမြင်လို့ ပစ်ချခဲ့တာလို့ ယူဆရပါတယ်၊ သိမ်းဆည်းရမိတဲ့ပစ္စည်း တွေကို လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားပါတယ်၊ အဓိကကတော့ ကိုယ်တိုင်သတင်း ပေးဆက်သွယ်တဲ့အခါမှာ အန္တရာယ်မရှိတာကို ပြောချင်ပါတယ်၊ မသိလို့ဖြစ်ဖြစ် သိပြီး ရောင်းစားနေလို့ပဲဖြစ်ဖြစ် လက်ဝယ်ထားမိတဲ့အချိန် ဖမ်းဆီးရမိရင် ပြစ်ဒဏ်ကကြီးမားတယ်၊ ထောင်ဒဏ် နှစ် ၂၀ အထိ ကျနိုင်ပါတယ်၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပတ်ဝန်းကျင်ပင်လယ်ကမ်းစပ်ကရွာတွေကို လိုက်လံ အသိပေးပြောကြားနေပါတယ် ” ဟု ရေးမြို့နယ်မူးယစ်တပ်ဖွဲ့စု (၃၉)မှ ဒုရဲမှူး နိုင်အောင်ခိုင်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

ယမန်နေ့က တွေ့ရှိခဲ့သော အိုက်စ်(မက်အဖက်တမင်း)ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲများနှင့် ပတ်သက်၍ ခေါဇာမြို့ရဲစခန်းက မယ(ပ)၉/၁၉၊ မူး/စိတ် ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး

သက်သေခံပစ္စည်းပိုင်ရှင်အား စုံစမ်းဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...