သွေးလွန်တုပ်ကွေး ပိုမိုဖြစ်ပွားနိုင်၍ ကလေးများကို အထူးဂရုစိုက်ရန် ပြည်သူ့ကျန်းမာရေးဌာန တိုက်တွန်း

သွေးလွန်တုပ်ကွေး ပိုမိုဖြစ်ပွားနိုင်၍ ကလေးများကို အထူးဂရုစိုက်ရန် ပြည်သူ့ကျန်းမာရေးဌာန တိုက်တွန်း

ယခုနှစ်တွင် မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၀၀၀)ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်သည်ဟု မွန်ပြည်နယ် ဌက်ဖျားတိုက်ဖျက်ရေးဦးစီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်မှ တိုက်တွန်းပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၂၀၁၉ခုနှစ် ဇွန်လပထမပတ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့သူ ၃၁၀၀ကျော်ရှိခဲ့သည့်အနက် သေဆုံးသူ ၁၂ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သွေးလွန်တုပ်ကွေးအများဆုံးဖြစ်ပွားခဲ့သည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး ၊ဧရာဝတီတိုင်းဒေသကြီး ၊ မွန်ပြည်နယ်နှင့် တနသာၤရီတိုင်းဒေသကြီးတို့ဖြစ်သည်။

နှစ်စကနေ ယခုချိန်ထိ မွန်ပြည်နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၃၆၀)ကျော်ရှိပြီး သေဆုံးသူ(၂)ဦးထိ ရှိကြောင်း ဌက်ဖျားတိုက်ဖျက်ရေးဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် သုံးနှစ်တစ်ကြိမ်ခန့် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလေ့ရှိသဖြင့် ပြီးခဲ့သည့်နှစ်ထက်စာရင် ယခုနှစ်၌ ပိုမိုဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့်ငါးနှစ်ကအချက်အလက်များကို အခြေခံ၍ မြို့နယ်တိုင်းတွင် သွေးလွန်တုပ်ကွေးအဖြစ်များဆုံး ရပ်ကွက်ကိုဖော်ထုတ်၍ ပိုးလောက်လန်းများမရှိရအောင် ဆေးများခတ်ထားပြီးဖြစ်ကြောင်း သိရသည်။

“နှစ်စဉ် ဆယ်မြို့နယ်မှာက တစ်မြို့မဟုတ်ရင် နောက်တစ်မြို့ကဖြစ်နေတာ နှစ်စအတည်းက အသေးစိတ်အစီအစဉ်တွေ ရေးဆွဲထားပြီးပါပြီး အဓိကတော့ ပိုးလောက်လန်းစစ်တာပေါ့” ဟု ဒေါက်တာစည်သူရဲနောင်က ပြောသည်။

ထို့အပြင် ကျောင်ဖွင့်ရာသီမှစတင်၍ အပတ်စဉ်သောကြာနေ့တိုင်း စာသင်ကျောင်းများတွင် ကလေးများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများနှင့် ကျောင်များတွင် ပိုးလောက်လန်းစစ်ဆေးခြင်းများ ပြုလုပ်သွားပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ပြီးခဲ့သည့်(၂)နှစ်တာစာရင်းများအရ မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁၅၀၀)ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၅)ဦး ရှိခဲ့ကြောင်း သိရသည်။

ကျေးရွာနှင့်ရပ်ကွက်အချို့တွင် ရေကိုစနစ်တကျမသိုလှောင်ထားခြင်းနှင့် အမှိုက်သိမ်းမှု စနစ်ကျခြင်းမရှိတာကြောင့် သွေးလွန်တုပ်ကွေးအဖြစ်များရခြင်းဖြစ်ကြောင်း ဒေါက်တာစည်သူရဲနောင်က ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေး ကျား-မ မရွေးဖြစ်ပွားနိုင်ပြီး ယခင်က အသက်(၁၅)နှစ်အောက် ကလေးများတွင်သာဖြစ်ပွားခဲ့ပြီး ယခုနောက်ပိုင်းတွင် လူကြီးများတွင်ပါ ဖြစ်ပွားပြီး သေဆုံးမှုများ ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မွန်ပြည်နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၅၂၀၀)ကျော်ရှိခဲ့ပြီး သေဆုံးသူ(၄)ဦးရှိကာ ၁၅ နှစ်တာကာလတွင် ကူးစက်ခံရသူဦးရေ အများဆုံးဖြစ်ခဲ့သည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...