မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေအတည်ပြုပြီး (၂)နှစ်ခန့်ကြာမြင့်သည့်တိုင် ရန်ပုံငွေမရှိသေး သည့်အတွက် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးက ပြောသည်။
ဇွန်လ(၄)ရက်နေ့တွင်ကျင်းပခဲ့သည့် မွန်ပြည်နယ်အစိုးရ တတိယတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲတွင် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ မပြုလုပ်သေးခြင်းနှင့် ပတ်သက်၍ သံလွင်တိုင်းမ်သတင်းဌာန၏ မေးမြန်းမှုအပေါ် စည်ပင်ဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
စည်ပင်သာယာရေးကော်မတီဝင်များ၏ အဆောင်အယောင်နှင့် အသုံးစရိတ်များအတွက် ရန်ပုံငွေအခက်အခဲရှိ နေသည့်အတွက် ပြည်နယ်အစိုးရအနေနဲ့ ခေတ္တဆိုင်းငံ့ထားတာဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“ဘယ်တော့လောက်လုပ်မလဲဆိုတာက ရန်ပုံငွေအပေါ်မှာမူတည်တယ်။ ခုလည်း ၂၀၁၉-၂၀ ဘဏ္ဍာငွေကို အတည်ပြုပြီးပါပြီ။ အဲ့ဒီမှာလည်း ကော်မတီရွေးကောက်ပွဲအတွက် မပါသေးဘူး။ အဲ့ဒါဆို ကျွန်တော်က ဘယ်ပိုက်ဆံနဲ့လုပ်ရမှာလဲ သက်တမ်းအတွင်းမှာတော့ ဖြစ်အောင် ဆောင်ရွက်ပေးသွားပါမယ်“ ဟု မွန်ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။
ကော်မတီရွေးကောက်ပွဲပြုလုပ်ရန် အစိုးရအနေဖြင့် အချိန်အကန့်အသတ်မရှိ ခေတ္တဆိုင်းငံ့ထားတာဖြစ် ပြီး ကော်မတီမရှိပေမယ့်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ အကူအညီဖြင့် စည်ပင်သာယာရေးလုပ်ငန်းများ ကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။
စည်ပင်သာယာရေးဥပဒေ အခန်း(၄)တွင် စည်ပင်သာယာရေးကော်မတီများဖွဲ့စည်းရမည်ဟု ပြဌာန်းထားသည့် အတွက် ဥပဒေပြဌာန်းချက်ကို အစိုးရအဖွဲ့ဆုံးဖြတ်ချက်နှင့် ရပ်တန့်ထားခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ပြောသည်။
“စည်ပင်သာယာရေးဥပဒေထွက်ကတည်းက အစိုးရအနေနဲ့ သူတို့ခေါင်းထဲမှာထည့်ထားရမယ် ဒီဥပဒေအတိုင်း စည်ပင်သာယာကော်မတီရွေးကောက်ပွဲပြုလုပ်ဖို့ ဘတ်ဂျက်ကို သူတို့လျာထားရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
၂၀၁၇ ခုနှစ် ၊ ဇွန်လက စည်ပင်သာယာရေးဥပဒေကို မွန်ပြည်နယ်လွှတ်တော်က အသစ်ထပ်မံရေးဆွဲ ပြဌာန်းခဲ့ပြီး ယင်းနှစ် ဒီဇင်ဘာလတွင် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံး လုပ်နည်းကိုပါ မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်သည်။
“ ကော်မတီဖွဲ့စည်းဖို့ အကောင်အထည်မဖော်နိုင်ရင် ဗဟိုချုပ်ကိုင်မှုပြန်ဖြစ်သွားမယ်။ ဗဟိုချုပ်ကိုင်မှုက ဝန်ကြီးနဲ့ အစိုးရအဖွဲ့မှာပဲ ပြန်လည်သက်ရောက်သွားတယ်လို့ ယူဆတယ် “ ဟု မွန်ပြည်နယ်လွှတ်တေ်ာ ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပြောဆိုသည်။
အတည်ပြုခဲ့သည့် စည်ပင်သာယာရေးဥပဒအသစ်တွင် ကော်မတီ၏သက်တမ်းကို အစိုးရသက်တမ်းနှင့်အညီ ဖြစ်သည်ဟု ပြဌာန်းထားပြီး လက်ရှိအစိုးရသက်တမ်းမှာ (၂၂)လသာ ကျန်ရှိတော့တာ ဖြစ်သည်။
ယခုအစိုးရသက်တမ်းအတွင်း ရွေးကောက်ပွဲဆောင်ရွက်သွားမည်ဟု ဆိုသော်လည်း ယခုနှစ် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် စည်ပင်ရွေးကောက်ပွဲအတွက်ရန်ပုံငွေမပါဝင်သေးသည်ဟုဆိုထားပြီး လာမည့်နှစ် ၂၀၂၀-၂၀၂၁ ဘက်ဂျက်နှစ်တွင် လျာထားမည်ဆိုပါက အထွေထွေရွေးကောက်ပွဲနှင့် တိုက်ဆိုင်နေမည်ဖြစ်ကာ စည်ပင်ရွေး ကောက်ပွဲအတွက် အခက်အခဲရှိနိုင်မည်ဟု လေ့လာသူများက ပြောသည်။







