တိုက်ပွဲကြောင့် ပိုးရွှီပြင်ရွာမှ ဝန်ထမ်းများနှင့်ဆရာ/ဆရာမများ နေရပ်ပြန်၊ ရွာသားတစ်ချို့ ခေါ်ယူစစ်ဆေးခံရ

တိုက်ပွဲကြောင့် ပိုးရွှီပြင်ရွာမှ ဝန်ထမ်းများနှင့်ဆရာ/ဆရာမများ နေရပ်ပြန်၊ ရွာသားတစ်ချို့ ခေါ်ယူစစ်ဆေးခံရ

သိန်းဇော်(မောင်တော) - ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာ အနီးတွင် ဇွန်လ ၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ၎င်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများနှင့် ကျောင်းဆရာ/ ဆရာမများသည် စိုးရိမ်ကြောက်လန့်ပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်သွားကြသည်ဟု သတင်း ရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာသည် အိမ်ခြေ တစ်ထောင်ကျော်၊ လူဦးရေ ငါးထောင်နီးပါးခန့် ရှိသည့် ကျေးရွာ တစ်ရွာကြီးဖြစ်ပြီး အထက်တန်းကျောင်း၊ ဆေးခန်းစသည့် အစိုးရဌာနဆိုင်ရာများလည်း တည်ရှိသည်။

ပိုရွှီပြင်ကျေးရွာ အထက ကျောင်းအုပ်ဆရာကြီး ဦးခင်စိုးက “ဆရာ ဆရာမတွေက စာစတင်သင်ကြားဖို့ ပြင်ချိန်နေချိန်မှာ ကျေးရွာအနီးတိုက်ပွဲဖြစ်တယ်။ ခုလို တိုက်ပွဲ ဖြစ်ပွားတော့ သူတို့က မလုံခြုံဘူးလို့ ခံစားရတဲ့အတွက် နေရပ်ကို ပြန်သွားကြခြင်းဖြစ်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့ကြား ပိုရွှီပြင်ကျေးရွာ အရှေ့မြောက်ဘက် ရဟတ်တောင်တန်းတွင် ဇွန်လ ၃ ရက်နေ့က တိုက်ပွဲအပြန်လှန်ဖြစ်ပွားခဲ့သည်ဟု ပိုရွှီပြင် မဟာမိတ် လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ကိုနေဦးမောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ တိုက်ပွဲ ဖြစ်ပွားတော့ ရွာသားတစ်ချို့လည်း ရွာကနေ ထွက်ပြေးတော့ အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းဆရာ/မ တစ်ချို့လည်း စိုးရိမ်ပြီး ထွက်ပြေးသွားခဲ့ကြပါတယ်” ဟု ကိုနေဦးမောင်က ပြောဆိုသည်။

အထက်တန်းကျောင်းတွင် ဆရာ/ဆရာမများမရှိတော့၍ ကျောင်းသား ကျောင်းသူများ၏ ပညာရေးအတွက် စိုးရိမ် ပူပန်မိကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

“တိုက်ပွဲဖြစ်လို့ ကျနော်တို့ရွာက ကျောင်းဆရာ ဆရာမအားလုံး နေရပ်ကို ပြန်သွားကြတယ်။ ရွာသားတွေ တချို့လည်း ထွက်ပြေးကြတယ်။ ရွာမှာက အထက်တန်းကျောင်းဆိုတော့ အခုလို ကျောင်းဖွင့်ကာမှာ ဆရာ ဆရာမတွေ မရှိရင် ကလေးတွေရဲ့ ပညာရေးအတွက် ခက်ခဲပါလိမ့်မယ်။ ကလေးတွေရဲ့ ပညာရေးအတွက် စိုးရိမ်မိပါတယ်”ဟု ၎င်းကျောင်းသားမိဖက ပြောသည်။

၎င်းအပြင် ဇွန်လ ၄ ရက်နေ့က ပိုးရွှီပြင်ကျေးရွာသားတစ်ဦးဖြစ်သူ ဦးစံထွန်းဝင်း အသက်(၄၈)နှစ်အား ၎င်းကွမ်းခင်းသို့သွားစဉ် လမ်းတွင် စစ်တပ်နှင့်တွေ့၍ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် စစ်သားများ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာသားတစ်ချို့အား စာသင်ကျောင်း၌ ခေါ်ယူ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

“ကျနော်တို့ ရွာသားတစ်ယောက်က တောထဲက သူကွမ်းခင်းကိုသွားတော့ လမ်းမှာစစ်တပ်နဲ့တွေ့တယ် ထင်တယ်။ သူ့ကိုဖမ်းခေါ်လာတယ်။ အမည်မသိ ခမီးလူမျိုး ၂ယောက်လည်းပါတယ်။ လမ်းပြ ခေါ်လာ တာလို့ သိရပါတယ်။ နောက်ပြီးတော့ ရွာကိုသူတို့ နေ့လည်၂ နာရီလောက်ကရောက်တယ်။ ရွာထဲဝင်ပြီး တွေ့တဲ့လူကို ဖမ်းတယ်။ အဲလို လေး- ငါး-ခြောက်ယောက်လောက်ကို ဖမ်းပြီး စာသင်ကျောင်းမှာ စစ်ဆေးမေးမြန်းတယ်။ စစ်ဆေးမေးမြန်းပြီး ညနေပိုင်းမှာ အကုန်ပြန်လွတ် ပေးလိုက်တယ်” ဟု ကျေးရွာသားတစ်ဦးက ဆိုသည်။

ပိုးရွှီပြင်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသားများမှာ ရသေ့တောင်မြို့နယ်၊ ကျောက်တန်း ကျေးရွာဖြစ်စဉ်လို ဖြစ်မည်ကိုစိုးရိမ်ပြီး ထွက်ပြေးနေကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

(ဓာတ်ပုံ- ပိုးရွှီပြင်မဟာမိတ်လူမှုရေးအသင်း)

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...