ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးတို့အား ဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ ဦးသည် တာဝန်မှ နုတ်ထွက်စာတင်လိုက်ကြကြောင်း သိရသည်။
ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ ဦးသည် သူတို့၏ တံဆိပ်တုံးများနှင့် နုတ်ထွက်ကြောင်း စာအား စုပေါင်းလက်မှတ်ရေးထိုးကာ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက် အပ်နှံခဲ့ကြခြင်းဖြစ်သည်။
"ကျနော်တို့ အုပ်ချုပ်ရေးမှူး ၅ဝ အားလုံး နုတ်ထွက်စာတင်ခဲ့ပါတယ်။ ကျနော်တို့ကတော့ ဒီလို ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို သူတို့ ကြက်ကလေး၊ ငှက်ကလေးကိုဖမ်းသလို ဖမ်းပြီးတော့ ခေါ်လို့ စစ်နေမယ်ဆိုရင် ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ကိုယ့်ဟာကိုယ်တောင် တာဝန်မယူနိုင်ဘူးဆိုရင် ပြည်သူတွေကို ဘယ်လို တာဝန်ယူနိုင်မလဲ။ ဒါကြောင့် ကျနော်တို့က အဲဒီ ရည်ရွယ်ချက်လေးတစ်ခုနဲ့ နုတ်ထွက်လိုက်တာပါ "ဟု နုတ်ထွက်စာတင်ရာတွင်ပါဝင်သည့် ဒုက္ကန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ဖမ်းဆီးခံထားရသူများမှာ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်နှင့် မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်တို့ဖြစ်ပြီး သူတို့အား တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မေလ ၂၉ ရက်နေ့မှ သိရှိခဲ့ရသည်ဟု နုတ်ထွက်စာတင်လိုက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။
ယင်းနောက် သူတို့နှစ်ဦးအား ဇွန်လ ၂ ရက်နေ့တွင် ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့် ချုပ်နှောင် ထားသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို မသိရသေးဟု ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆိုသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့တင်ပြလိုက်သည့် နုတ်ထွက်စာတွင်လည်း ဖမ်းဆီးခံထားရသူနှစ်ဦးအား ပြန်လွတ်ပေးပြီး ကနဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သုံးသပ် အကြံပြုချက်အရသာ ဆောင်ရွက်ပေးရန်နှင့် နောင်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တစ်ဦးဦး(သို့မဟုတ်) ကျေးရွာတာဝန်ခံ တစ်ဦးဦးကို မေးမြန်းစစ်ဆေးရန်ပေါ်ပေါက်က တပ်မတော်မှ တိုက်ရိုက် ဖမ်းဆီးခေါ်ဆောင် သွားခြင်းမျိုး မပြုလုပ်ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူမေးမြန်းစစ်ဆေးပေးရန် တောင်းဆိုထားသည်။
ယင်းအပြင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ မေးမြန်းစစ်ဆေးချက်ကိုအခြေခံပြီး လိုအပ်ပါမှ ဆက်လက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးပေးပါရန်နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်မှ တဆင့် သင့်တော်သလို ဆောင်ရွက်ဖွဲ့စည်းပေးရန်လည်း နုတ်ထွက်စာတွင် ထည့်သွင်းတောင်းဆိုထားသည်။
အဆိုပါနုတ်ထွက်စာနှင့် အုပ်ချုပ်ရေးမှူး တံဆိပ်တုံးများကို ကျောက်တော်မြို့နယ် ထွေထွေအုပ်ချုပ်ရေးမှူး ခရီးလွန်နေသည့်အတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံခဲ့ကြောင်းလည်း နုတ်ထွက်လိုက်သည့် အုပ်ချုပ်ရေးမှူးများက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းကျော်အား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ "အခုအစည်းအဝေးလုပ်နေတယ်။ မအားသေးဘူး။ နောက်မှ ဆက်ပါ"ဟုဆိုကာ ဖုန်းချသွားခဲ့သည်။
ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များအား နိရဉ္စရာက ဆက်သွယ်နေသော်လည်း အဆက်အသွယ် မရသေးပါ။
ပြီးခဲ့သည့် ဖေဖော်ဝွရီလ ၂၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ လပတ်အစည်းအဝေးပြုလုပ်နေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး အချို့အား ရဲတပ်ဖွဲ့က တစ်စုံတရာပြောဆိုခြင်းမရှိဘဲ ဝင်ရောက်ဖမ်းဆီးသွားသည့်အတွက် အဆိုပါ မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ဝဝ ကျော် နုတ်ထွက်စာတင်သည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်။







