ယခုပညာသင်နှစ်တွင် ပထမတန်း၌ မွန်ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကိုပါ ပူးတွဲသင်ကြားမည်

ယခုပညာသင်နှစ်တွင် ပထမတန်း၌ မွန်ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကိုပါ ပူးတွဲသင်ကြားမည်

မွန်ပြည်နယ်၏ ၂၀၁၉ -၂၀ ပညာသင်နှစ်တွင် ပထမတန်းအား မွန်ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းကိုပါ ပူးတွဲသင်ကြားသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

ယင်းသင်ရိုးညွှန်းတမ်းတွင် မွန်ပြည်နယ်ရေးရာလေ့လာစရာနှင့် မွန် ၊ ကရင် ၊ ပအိုဝ်းတိုင်းရင်းသားဘာသာစကားများဟူ၍ နှစ်ပိုင်းခွဲပြီး သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“လာမယ့်ပညာသင်နှစ်မှာ သင်ကြားနိုင်ဖို့ ဆရာ/ဆရာမတွေကို သင်တန်းပေးဖို့ရှိပါတယ်။ အမျိုးသားပညာရေးသင်ရိုးညွှန်းတမ်းမှာလည်း သင်ကြားချိန်ခွဲဝေမှုတွေမှာ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းနဲ့ တိုင်းရင်းသားဘာသာစကားအတွက် သင်ချိန်တွေ ပါထားပြီးသားပါ “ ဟု ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

မေလ ၂၅ ရက်နေ့ကနေ ၃၁ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနေပြီးလည်း ဖြစ်သည်။

ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်းအဆင့် Grade (3) ကို သင်ရိုးညွှန်းတမ်းပြောင်းလဲခဲ့ပြီး ဖြစ်သလို အလယ်တန်း၏ ပထမဆုံးအတန်းဖြစ်သည့် Grade (6) ကို သင်ရိုးညွှန်းတမ်း ပြောင်းလဲသွားမည် ဖြစ်သည်။

ယခုပညာသင်နှစ်တွင် မူလတန်းကလေးများအတွက် နိုင်ငံတော်မှ ကျောင်းဝတ်စုံ အခမဲ့ပေးအပ်သွားတော့မည် မဟုတ်ဘဲ ယင်းအစား ဗလာစာအုပ်များ ပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မူလတန်းကတော့ အခမဲ့ပညာသင်ကြားရေးစနစ်ဖြစ်ပြီး အတန်းစုံကတော့ ပုံနှိပ်စာအုပ် ဗလာစာအုပ် အခမဲ့ရတယ် ကျောင်းဝင်ကြေးတို့ ကျောင်းလခတို့ မိဘဆရာအသင်းကြေးတို့ ဘာမှမပေးရဘူး “ ဟု မွန်ုပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

ပြောင်းလဲလိုက်သည့် သင်ရိုးညွှန်းတမ်းအရ မူလတန်းကလေးများအား သင်ကြားရန်အတွက် သင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိသည့်အတွက် အခက်တွေ့နေရကြောင်း မူလတန်းဆရာမ အချို့ကဆိုသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ “သင်ထောက်ကူပစ္စည်းတွေကို ပိုလျှံနေအောင်ချပေးမှ သင်ကြားသင်ယူမှုစနစ် ပြီးမြောက်မယ်ဆိုတာဟာ အမှန်တကယ်တော့ မှားယွင်းတဲ့ယူဆချက်ဖြစ်တယ်လို့ ပညာရေးသမားတစ်ယောက်အနေနဲ့ ကျွန်မ သုံးသပ်မိပါတယ် “ ဟု မွန်ုပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

ပြောင်းလဲလိုက်သည် သင်ရိုးညွှန်းတမ်းသည် ကလေးများ၏ ပညာရေး အခြေခံကောင်းရန် သင်ကြားသင်ယူမှုစနစ်နှင့် သင်ကြားသည့်အတွက် မိဘများအနေနှင့် ကလေးများအပေါ် အချိန်ပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ကျူရှင်ထားစရာလုံးဝမလိုပါဘူး လောဘမကြီးကြပါနဲ့ တအားလောဘကြီးရင် ကလေးက ဒဏ်ဖြစ်သွားမယ် စာကိုကြောက်ပြီး ထုံသွားမယ် ထပ်ကာတလဲလဲ မျက်စိနှစ်လုံးစဖွင့်တာကနေ စာ လိုက်တာ ည ၈ နာရီ ၉ နာရိထိ စာ လိုက်နေရတယ်ဆိုရင် နောက်ပိုင်းမှာ လူမှုပတ်ဝန်းကျင်ထဲ ဝင်ဆန့်ဖို့ ခက်ခဲသွားမယ် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ဖြစ်လာနိုင်တယ် “ ဟု ၎င်းကဆိုသည်။

ယခုပညာသင်နှစ်တွင် အစိုးရစ်စစ်ဖြစ်သည့် စတုတ္ထတန်း ၊ အဋ္ဌမတန်း နှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများမှလွဲ၍ ကျန်အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မတ်လအကုန်တွင် စစ်ဆေးသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ ပြောဆိုခဲ့သည်။

အခြေခံပညာအတန်းများ၏ တတ်မြောက်မှုစစ်ဆေးခြင်းကို ဇူလိုင်/သြဂုတ်တွင် တစ်ကြိမ် ၊ နှစ်လယ်စာမေးပွဲကို အောက်တိုဘာလတွင် တစ်ကြိမ် ၊ ဒီဇင်ဘာလတွင် စစ်ဆေးအကဲဖြတ်မှု တစ်ကြိမ် နှင့် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလနှင့်မတ်လတွင် စစ်ဆေးသွားမည်ဖြစ်ပြီး အစိုးရစစ်ဖြေဆိုမည့်အတန်းများကိုတော့ ပုံမှန်အတိုင်း စစ်ဆေးသွားမှာလည်း ဖြစ်သည်။

Most read this week

December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...