ရခိုင်စစ်ပွဲ အရပ်သားများအား အကာအကွယ်ပေးရေး နိုင်ငံတော်အကြီးအကဲများထံ စာရေးတောင်းဆိုရန် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးမှဆုံးဖြတ်

ရခိုင်စစ်ပွဲ အရပ်သားများအား အကာအကွယ်ပေးရေး နိုင်ငံတော်အကြီးအကဲများထံ စာရေးတောင်းဆိုရန် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးမှဆုံးဖြတ်

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်း အပြစ်မဲ့ ဒေသခံ အရပ်သား ပြည်သူများအား အကာအကွယ်ပေးရေးအတွက် နိုင်ငံတော် အကြီးအကဲများထံ စာသားရေးတောင်းဆိုသွားမည်ဖြစ်ကြောင်း မေလ ၆ ရက်နေ့က စစ်တွေမြို့ မဏိရတနာ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော စစ်တွေမြို့ ဂိုဏ်းပေါင်းစုံ သံဃာအစည်း အဝေးမှ ဆုံးဖြတ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းအစည်းအဝေးကို စစ်တွေမြို့ မဏိရတနာ ကျောင်းတိုက်တွင် မေလ ၆ ရက်နေ့က ပြုလုပ်ခဲ့ရာ စစ်တွေမြို့မှ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများသာမက အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ပြည်နယ်သံဃာနာယကအဖွဲ့၏ အတွင်းရေးမှူးဆရာတော်တစ်ပါးဖြစ်သည့် အောင်မြေကုန်း ဆရာတော် ဦးစန္ဒာဝရက " ကျောက်တန်းလိုပုံစံမျိုး၊ တစ်ခြားသမီးလှ၊ မင်းဖူး၊ အောက်သကန်၊ မင်းပြားမြို့နယ်က ပန်းမြောင်း၊ ကျောင်းတောင် အဲဒီဘက်တွေမှာ ဖြစ်ရပ်မျိုးတွေ နောက်ထပ် နောက်ထပ်မဖြစ်ဖို့အတွက် ဘုန်းကြီးတို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်"ဟု ဆက်လက်မိန့်ကြားသည်။

ရခိုင်ရဟန်းတော်များ၊ ပြည်သူများမှ အကြိမ်ကြိမ် နိုင်ငံတော် အစိုးရ၊ ပြည်နယ် အစိုးရသို့ တောင်းဆိုသော်လည်း တောင်းဆိုမှုများကို အရေးစိုက်မှု မရှိသလောက်ပင် ဖြစ်နေသဖြင့် တောင်းဆိုနေ၍ ထူးခြားမှု ရှိနိုင်ပါမလားဟု နိရဉ္စရာ သတင်းဌာနမှ လျှောက်ထားရာ ဆရာတော်က ယခုလို မိန့်ကြားသည်။

"တောင်းဆိုသူနဲ့ ပြန်ပေး သူဆိုတဲ့ နှစ်ပိုင်းမှာ တောင်းဆိုသူတွေကတော့ ကိုယ်လိုချင်တဲ့ အပိုင်းကို တောင်းဆိုမှာပဲလေ။ အဲပေးမယ့်လူကတော့ သူတို့သဘောထားတွေရဲ့သူတို့အမြင်၊ သူတို့ဆုံးဖြတ်ချက် သူတို့အမြင်တွေနဲ့ပဲပေးလိမ့်မယ်ပေါ့လေ။ အဲဒါကိုတော့ ဘုန်းကြီးတို့က အာဏာပိုင်တွေကို ဘယ်လိုပြောလို့ရမလဲ။ သူတို့ စိတ်သဘောထားနဲ့ သူတို့ပြန်ကြားလာတာကိုပဲ ကြည့်ရမှာဘဲ" ဟု နိရဉ္စရာသို့ မိန့်ကြားသည်။

တောင်းဆို၍ အဆင်မပြေပါက ဆန္ဒထုတ်ဖော်သွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟုလည်း အနောက်တံခါးကူညီ စောင့်ရှောက်ရေး အသင်း၏ နာယကတစ်ဦးဖြစ်သူ ဒေါ်ပန်းချီရှင်လှက ပြောသည်။

"ကျွန်မတို့ကတော့ ပထမဆုံးအနေနဲ့ Request လုပ်တဲ့သဘောပေါ့ နော်။ တောင်းဆိုတယ်။ အကြုံပြုတယ်။ နောက်ပြီးတော့ မရသာဘူးဆိုရင်တော့ ခုနားကအစည်းအဝေးကဆုံးဖြတ်တဲ့ ဟိုဥစ္စာပေါ့။ဆန္ဒပြတဲ့

နည်းနဲ့ကျမတို့လုပ်ဆောင်သွားမယ်။ အဲလိုပဲ ဒီတစ်ဖွဲ့လုံး ဒီရောက်လာတဲ့ လူထုကိုယ်က အဲလို ဆုံးဖြတ် လိုက်တယ်။ ဆိုတော့ ကျွန်မတို့က အဲဒီလိုပဲလုပ်မှာပါ။တောင်းဆိုလို့ မရဘူးဆိုရင် ကျွန်မတို့ ခုနက ပြောသလို ဆန္ဒပြရမယ်။ ဆန္ဒပြပြီးတော့ ကမ္ဘာကသိအောင် လုပ်ရမယ်ပေါ့နော်။ အမှန်က မိသားစုဖြစ်တဲ့ မိဘကကြင်နာရမယ့်အစား ကျွန်မတို့ ပြည်ပကိုဘဲ လှမ်းပြီးတော့ အားကိုး ရမလိုဖြစ်နေတယ်။ဒါတွေက မမှန်ဘူးလေ။ မှားနေတဲ့ အချက်အလက်တွေ" ဟု သူမက ပြောကြားသည်။

အစည်းအဝေးတွင် ဆုံးဖြတ်ချက် တစ်ချို့ ချမှတ်ခဲ့ပြီး ၎င်းတို့မှာ အပစ်ရပ်ရေးတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေကို ထည့်သွင်းရန်၊ စစ်ဘေးဒုက္ခသည် တွေနေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် အစိုးရက တာဝန်ယူ ပံ့ပိုးပေးရန်နှင့် တခြား အလှူရှင် များကိုလည်း လွတ်လပ်စွာသွားလာပံ့ပိုးခွင့်ပြုရန်၊ သမီးလှ၊ မင်းဖူး၊ လက္ကာ၊ မြောက်ဦး၊ ပန်းမြောင်း၊ အောက်သားကန်၊ ကျောက်တန်းစသည့် ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမျိုး နောက်ထပ် မဖြစ်စေရေး အတွက် တာဝန်ယူဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်သည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ အရပ်ပြည်သူများအား ကာကွယ်ပေးရေး ကိစ္စ နိုင်ငံတော်သမ္မတ၊ နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ တို့ထံ များမကြာမီ စာရေးသား ပို့ပေးသွားမည်ဟု သိရှိရသည်။

(ဓာတ်ပုံ- RFA)

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...