ပဲခူးရိုးမ၌ တစ်ပတ်အတွင်း သစ်တန်ချိန် ၂ဝဝ ကျော်ဖမ်းမိ

ပဲခူးရိုးမ၌ တစ်ပတ်အတွင်း သစ်တန်ချိန် ၂ဝဝ ကျော်ဖမ်းမိ

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာရှိ တစ်ပတ်အတွင်း တရားမဝင် ထုတ်ယူထားသည့် ကျွန်း၊ သစ်မာနှင့် အခြားစုစုပေါင်း သစ်တန်ချိန်ပေါင်း ၂၂၆ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် သစ်တန်ချိန်မှာ မတ်လ ၄ ရက်နေ့မှ မတ်လ ၁ဝ ရက်နေ့အထိ တစ်ပတ်တာကာလ အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်း နှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည် ဖော်လုပ် ဆောင်နေရာမှ ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁ဝ)နှစ်ရပ်နားထားပြီးနောက် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်း များအား ပြန်လည်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်း ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခမရ(၃ဝရ)မှ တပ်မတော်သားများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ နယ်မြေရှင်းလင်းဆောင်ရွက်လျှက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ထိုသို့ နယ်မြေရှင်းလင်းနေစဉ် မတ်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်း ကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်ခိုးဆိုင်ကယ် ၂ဝ စီး၊ ချိန်းဆော ၂ လက်နှင့် တရားမဝင် ခုတ်ယူထားသည့် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ညွှန်ကြားထားသည့်အတိုင်း ပဲခူးရိုးမစိမ်းလန်း စိုပြည်ရေးဧရိယာအတွင်းတွင်လည်း တရားမဝင်သစ်ခိုးထုတ်သယ်ဆောင်နိုင်သည့် လမ်းကြောင်းများအား ဆက်လက်အသုံးပြု၍ မရနိုင်စေရန် ဖျက်ဆီးခြင်းများဆောင်ရွက်လျှက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...