ကရင်အမျိုးသားအစည်းအရုံး (KNU) မပါဝင်နိုင်သောကြောင့် ၄ ခန့်ကြာရပ်ဆိုင်းထားရသည့် PPST အစည်း အဝေးကို လာမည့် မတ်လ ၅ ရက်နေ့တွင်ပြန်လည်ပြုလုပ်ရန် စီစဉ်ထားကြောင်း ပအို့ဝ် လွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကမဇ္စျိမသို့ပြောသည်။
အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့မှ ခေါင်းဆောင်းများဖြင့်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကတည်းက ရပ်ဆိုင်းထားခဲ့ရခြင်းလည်းဖြစ်သည်။
“ လက်ရှိအခြေအနေတွေပေါ့။ တပ်မတော်ကထုတ်တဲ့ကြေငြာချက်တွေအပါအဝင် အခြေအနေအရပ်ရပ်ပေါ့ အဲ့ဒါတွေကို ပြည့်ပြည့်စုံစုံသုံးသပ်မှာပေါ့။ နောက်တစ်ခါ PPST ကိုဘယ်လိုစုဖွဲ့မလဲ။ PPST အောက်က အလုပ် အဖွဲ့ ရှိတယ်။ PPWT တို့ရှိတယ်။ အဲ့တာတွေလည်းဘယ်လိုစုဖွဲ့မလဲပေါ့။ အဲ့တာ တွေပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ထို့အပြင် PPST အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကိုလည်းဆွေးနွေးသွားမည်ဖြစ်ပြီး အချင်းချင်းအကြား အခက်အခဲများကို မျှဝေဆွေးနွေးသွားမည်ဟုလည်း ၄င်းကဆိုသည်။
လက်ရှိတွင် PPST အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒုတိယ အဖွဲ့ခေါင်းဆောင် အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်တို့ကတာဝန်ယူထားခြင်းလည်းဖြစ်သည်။
အဖွဲ့၏ စည်းမျဉ်းအရ အစည်းအဝေးခေါ်ယူပိုင်ခွင့်မှာ PPST ခေါင်းဆောင်ဖြစ်သည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးလက်ထဲတွင်သာရှိပြီး ယခုကဲ့သို့ခေါ်ယူကျင်းပခြင်းလည်းဖြစ်သည်။
ယခုကျင်းပမည့်အစည်းအဝေးတွင် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များကို လေ့လာသူအနေဖြင့် ဖိတ်ခေါ်ထားခြင်းမျိုး မရှိသေးကြောင်းလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။
အစိုးရနှင့်တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်ရေးထိုးသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNL)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ ( NMSP ) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ၁၀ ဖွဲ့ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် PPST ကိုဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။







