ဆင်သတ်ခံရမှု အရေအတွက် ဧရာဝတီတိုင်းတွင် ထက်ဝက်ခန့် လျော့ကျဟု ဆို

ဆင်သတ်ခံရမှု အရေအတွက် ဧရာဝတီတိုင်းတွင် ထက်ဝက်ခန့် လျော့ကျဟု ဆို

အာရှဆင်များ နေထိုင်ကျက်စားလေ့ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်တွင် ဆင်သတ်ခံရမှု  ၈ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ကထက် ထက်ဝက်ကျဆင်းခဲ့ကြောင်း သိရသည်။

“ ဆင်သတ်မှု ၈ မှု ဖြစ်ပွားခဲ့တယ်၊ ဆင် ၈ ကောင် သတ်ခံရခဲ့ပြီး၊၂၀၁၇ ခုနှစ်တွင် ဆင်သတ်မှု ၁၆ မှု ရှိပြီး အသတ်ခံရတဲ့ ကောင်ရေမှာ ၁၆ ကောင်ဖြစ်တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊  ဒုတိယ ရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ဆင်သတ်ဖြတ်မှုများသည့် ဧရာဝတီတိုင်းတွင် ၂၀၁၈ ခုနှစ်အတွင်း ဆင်မုဆိုး ၁၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဆင်သတ်ခံရမှု လျော့ကျအောင်၊ ဒေသခံတွေကိုလည်း ဆင်သတ်မှု မဖြစ်အောင်  လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်း စိုးမိုးဆောင်ရွက်ပြီး ပညာပေးဆောင်ရွက်နေမှုတွေလည်း ရှိပါတယ်၊ ဆင်သတ်တဲ့မုဆိုးတွေ တောထဲဝင်လာရင် ရဲတပ်ဖွဲ့ ကို အချိန်မီ သတင်းပေးဖို့၊ဆင်သတ်မှု မဖြစ်ပွားအောင် လှည့်ကင်းတွေနဲ့ စိုးမိုးဆောင်ရွက်ထားတယ် ” ဟု ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ဆင်သတ်မှု ဖြစ်ပွားလေ့ရှိပြီး၊ ပုသိမ်နှင့်ငပုတောမြို့နယ်များတွင် အများဆုံး ဖြစ်ပွားသည်။

 “ကျွန်တော်တို့ က ဆင်ရှိတဲ့နေရာပေါ့။ ဆင်ရှိရင် မုဆိုးရှိနိုင်တယ်။ ဆင်ရှိတဲ့နေရာမှာ နေ့ရောညရော ကင်းလှည့်တယ်ပေါ့၊ ဆင်သတ်ခဲ့ဖူးပြီး ထောင်ကျတဲ့သူရှိတဲ့ အိမ်ကို ရောက်အောင် သွားတယ်၊ ဆင် သတ်ဖြတ်မှု မရှိအောင်လို့ စည်းရုံးရေးပုံစံမျိုး လှည့်စည်းရုံးတယ်ပေါ့။ တစ်ချိန်က ဆင်သတ်ဖြတ်ပြီး ထောင်ကျတဲ့သူတွေကို ကိုယ်နဲ့အတူ တွဲဖက်ပြီးတော့ ဆင်မုဆိုး ဖမ်းဆီးရမိရေးအတွက် ဘယ်နေရာသွားသွား သူတို့ကို ခေါ်သွားတယ်။ တချိန်တုန်းက သူနဲ့ဆက်စပ်တဲ့ဆင်မုဆိုးတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းလို့ သတင်းရမှာပေါ့။ ကျွန်တော်တို့နယ်မြေထဲလာပြီး သတ်ဖြတ်မှု သိပ်မရှိတော့ဘူး။ အဲဒါကြောင့်မို့ယခင်ထက် ဆင်သတ်ဖြတ်မှု လျော့သွားတယ်”ဟု တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်တွင် တောဆင်ရိုင်း ၁၉ ကောင်၊၂၀၁၆ ခုနှစ်တွင်  တောဆင်ရိုင်း ၁၃ ကောင် အသတ်ခံရပြီး၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ ခုနှစ် စစ်တမ်းများအရ နေထိုင်ကျက်စားသော အာရှဆင် ၇၀၀ ခန့်  အရေအတွက်ရှိကြောင်း သိရသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...