ကချင်စစ်ရှောင်များ လုံခြုံစွာ နေရပ်ပြန်နိုင်ရေး NRPC နှင့် KHCC တွေ့ဆုံ

ကချင်စစ်ရှောင်များ လုံခြုံစွာ နေရပ်ပြန်နိုင်ရေး NRPC နှင့် KHCC တွေ့ဆုံ

မြန်မာအစိုးရ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှ တာဝန်ရှိသူများနှင့် ကချင်စစ်ပြေးဒုက္ခသည် လူသားချင်းစာနာမှုကော်မတီ KHCC တို့သည် စစ်ရှောင်နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး တနင်္ဂနွေနေ့ ရန်ကုန်မြို့တွင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့သည်။

Kachin Humanitarian Concern Committee အနေဖြင့် ‘စစ်ရှောင်များ စိတ်ငြိမ်းချမ်းစွာနှင့် လုံခြုံစွာ နေရပ်ပြန်နိုင်ရေး’ ပြောဆိုခဲ့သည်ဟု KHCC ခေါင်းဆောင်လည်းဖြစ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌလည်းဖြစ်သူ Rev. Dr. Hkalam Samson က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“စစ်ရှောင်တွေ နေရပ်ပြန်တဲ့အခါ လုံခြုံ အေးချမ်းစွာ နဲ့ ပြန်နိုင်ဖို့ အစိုးရကို ပြောပါတယ်။ KIO နဲ့ တပ်မတော်ဘက် ဆွေးနွေးပြီး ဘယ်နေရာတွေ ပြန်လို့ရပြီဆိုတဲ့အချက် သိပြီဆိုရင် တခြားအပိုင်းကျနော်တို့ ဆက်လုပ်သွားမယ် ဆိုတဲ့အချက် ဆွေးနွေးခဲ့ပါတယ်။”

အဆိုပါ အလွတ်သဘောတွေ့ဆုံမှုတွင် NRPC မှ ဦးဇော်ဌေး၊ ဦးဝင်းနိုင်ထွန်း တို့ဖြစ်ပြီး KHCC ဘက်မှ ခေါင်းဆောင် Rev. Dr. Hkalam Samson၊ တွဲဖက်ခေါင်းဆောင် ကတ်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး Awng Dang၊ အတွင်းရေးမှုး ဆရာ Hka Li၊ ဒေါ် Ja Nan တို့ ဖြစ်ကြောင်း သိရပါသည်။

တရားဝင်ဆွေးနွေးပွဲကို လာမည့် မတ်လဆန်းတွင် ထပ်မံ ပြုလုပ်ရန် စီစဉ်နေသည်ဟု ပြောပါသည်။

တပ်မတော်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ နှင့် ပြည်နယ်အစိုးရအစီစဉ်ဖြင့် Nam San Yang (နမ်ဆန်ယန်)ကျေးရွာ အိမ်ထောင်စု (၁၇)စုကို ဇန်နဝါရီ ၃၀ ရက်နေ့ သွားရောက်ပို့ဆောင်ခဲ့သည်။ ထပ်မံ၍လည်း ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အိမ်ထောင်စု ၂၉ စုကို ပြန်လည်နေရာချထားရန် ပြင်ဆင် နေသည်ဟု သိရပါသည်။

သို့သော်လည်း အဆိုပါ နမ်ဆန်ယန်ကျေးရွာဒေသခံ အိမ်ထောင်စုအချို့ နေရပ်ပြန်နိုင်သည့်ကိစ္စ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တိုင်ပင်ခြင်း လုံး၀ မရှိခဲ့ဟု KIO ဘက်မှ သိရပါသည်။

“အခုလောလောဆယ်ထိတော့ KIO နဲ့ တပ်မတော်၊ အစိုးရဘက်တရားဝင် ဆွေးနွေးတာမရှိသေးတဲ့အတွက် ဘယ်ကျေးရွာတွေက တိုက်ပွဲ ဖြစ်အုန်းမယ်၊ မဖြစ်တော့ဘူးဆိုတာ ကျနော်တို့ မသိသေးဘူး” ဟု KHCC ခေါင်းဆောင် ဆရာ Samson ထပ်မံ ပြောဆိုပါသည်။

တပ်မတော် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ၂ ဖက်တွေ့ဆုံဆွေးနွေးပွဲ လာမည့် ဖေဖော်ဝါရီ ၁၃ မှ ၂၀ ရက်ကြား တွင် မြန်မာပြည်တွင်း သို့မဟုတ် တရုတ်နိုင်ငံတွင် တွေ့ဆုံရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နြေ့ပီး စစ်ရှောင်အရေး ဆွေးနွေးရန်လည်း မျှော်လင့်နေကြပါသည်။

KHCC တွင် စစ်ရှောင်အများစုကို ကူညီထောက်ပံ့နေသော KBC၊ RCM ရိုမန်ကက်သလစ်အသင်းတော် မှ ဆရာတော်များ၊ စစ်ရှောင်ကူညီရေးအဖွဲ့များ၊ စစ်ပြေးဒုက္ခသည်များ ပါဝင်ပြီး ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းထားသည်ဟု သိရပါသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့မနက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် KBC နှင့် RCM အသင်းတော် နှစ်ပါးခေါင်းဆောင်များ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မလိခရိပ်သာတွင် တွေ့ဆုံစဉ် KHCC လုပ်ငန်းစဉ်ကို တင်ပြနိုင်ခဲ့သည်ဟု KBC အထွေထွေအတွင်းရေးမှူး Rev. Hpauyawng Tu Mai က ဆိုသည်။

ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်မှုသည် လွန်ခဲ့သည့်နှစ် ၂၀၁၈ နိုဝင်ဘာလဆန်း Nam San Yang စစ်ရှောင်မိသားစု (၁၇)စု နေရပ်ပြန်ရန် တင်ပြတောင်းဆိုရာမှ အစပြုလာခြင်းဖြစ်သည်။

June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...
June 19, 2026
တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခြေခံစားသောက်ကုန်...
June 18, 2026
ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲ စစ်ရေးဖော်ဆောင်နေတဲ့ စစ်တပ်နဲ့...
June 17, 2026
ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ရွာမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက...