မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှ ရဲတပ်သားမောင်နှင်းလာသော လိုင်စင်မဲ့ကား ဖမ်းမိ

မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှ ရဲတပ်သားမောင်နှင်းလာသော လိုင်စင်မဲ့ကား ဖမ်းမိ

မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် ဇန်နဝါရီလ ၁၄ ရက် ည ၆ နာရီ ၃၅ မိနစ်က မော်လမြိုင်စက်မှုဇုန် လုံခြုံရေးကင်းရှေ့တွင် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးနေစဉ် မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှ ရဲတပ်သားမောင်နှင်းလာသော လိုင်စင်မဲ့ကား ဖမ်းမိခဲ့ကြောင်း မော်လမြိုင်မြို့၊ စက်မှုဇုန်နယ်မြေရဲစခန်းမှ သိရသည်။

စက်မှုဇုန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် သက်နောင်ဦးနှင့် အဖွဲ့သည် သက်သေများနှင့်အတူ မော်လမြိုင်စက်မှုဇုန် လုံခြုံရေးကင်းရှေ့တွင် မော်လမြိုင်-ဘားအံကားလမ်းတွင် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးနေစဉ် ဘားအံဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှ ရဲတပ်သား မောင်မောင် မောင်းနှင်ပြီး ၎င်း၏ ဘေးတွင် မြဝတီမြို့နေသူ ယာဉ်ပိုင်ရှင် သီဟ(ခ)မင်းသီဟ လိုက်ပါစီနင်းလာသော MARK II အမျိုးအစားမော်တော်ယာဉ်၊ ခဲရောင်အား စစ်ဆေးခဲ့ကြောင်း စက်မှုဇုန်နယ်မြေရဲစခန်း မှတ်တမ်းတွင် ရေးသားထားသည်။

ထိုသို့ မော်တော်ယာဉ်နှင့် ပတ်သက်၍ စစ်မေးရာ ကညန၏ သက်သေခံ အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် ၎င်းတို့မှ လိုင်စင်မဲ့ယာဉ်ဟု ပြောဆိုသောကြောင့် ဒုရဲအုပ် သက်နောင်ဦးမှ သက်သေများရှေ့ ရှာဖွေပုံစံ ရေသွင်းပြီး ဥပဒေအရ အရေးယူရန် တိုင်တန်းခဲ့ကြောင်း စက်မှုဇုန်နယ်မြေရဲစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက ပြောသည်။

လိုင်စင်မဲ့ယာဉ်အား မောင်းနှင်သူ မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှ ရဲတပ်သား မောင်မောင်နှင့် လိုင်စင်မဲ့ယာဉ်ပိုင်ရှင် သီဟ(ခ)မင်းသီဟတို့ကို စက်မှုဇုန်နယ်မြေရဲစခန်းမှ (ပ) ၈/၂၀၁၉၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈နှင့် ပုဒ်မ-၁၀ ဖြင့် အရေးယူခဲ့သည်။

“ဒီနေ့ပဲ (ဇန်နဝါရီလ ၁၅ ရက်) မော်လမြိုင်မြို့နယ်တရားရုံးမှာ ရမာန်ယူလိုက်ပြီ”ဟု ရဲအုပ် နိုင်နိုင်ဝင်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ လင်းယုန်စီမံချက်ကို ဇန်နဝါရီလ ဒုတိယအပတ်မှ စ၍ မွန်ပြည်နယ်ရှိ ၁၀ မြို့နယ်လုံးတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

သတင်းနှင့် ဓါတ်ပုံ - နောင်ခန့်

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...