ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာတွင် ယနေ့ (ဇန်နဝါရီလ ၁၄ ရက်) နေ့လည် ၂ နာရီအချိန် ခန့်က သတ္တမတန်းကျောင်းသားတစ်ဦး တိုက်ပွဲလက်ကျန်ဗုံးပေါက်ကွဲ၍ အသက်ဆုံးရှုံးသွားသည်ဟု သူ၏ဖခင် ဦးမောင်လှဖြူက DMG ကို ပြောသည်။
ရေကောင်းချောင်းကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေရာအနီးသို့ သတ္တမတန်းကျောင်းသား၊ အသက် (၁၇) နှစ်အရွယ် မောင်အောင်ဝင်းထွန်းသည် ဆီးသီး(ဇီးသီး)ကောက်စားရန် သွားရောက်စဉ် ဗုံးသီးတစ်လုံးတွေ့၍ အိမ်ကိုယူ လာခဲ့ရာတွင် ပေါက်ကွဲသွားခြင်းဖြစ်သည်။
“သူက မနက်စောစောကတည်း က ဆီးသီး(ဇီးသီး)ခူးဖို့သွားတယ်။ အဲ့တော့ အရင်တစ်ရက်နှစ်ရက်က တိုက်ပွဲ ဖြစ်ပွားတဲ့နေရာကို ရောက်သွားလိမ့်မယ်ထင်တယ်။ ဗုံးသီးတစ်လုံး ရခဲ့တယ်ခဲ့ပြောတယ်။ ဗုံးပေါက်တော့ ခြေတွေလုံးဝ ကြေမွသွားတယ် ” ဟု ဖခင်ဖြစ်သူ ဦးမောင်လှဖြူက ဆိုသည်။
မောင်အောင်ဝင်းထွန်း ဗုံးပေါက်၍ ဒဏ်ရာရရှိသွားစဉ်တွင် မိခင်၊ဖခင်များအိမ်တွင် ရှိမနေပေ။ သူ၏ သတင်း ကြားသောကြောင့် အိမ်ကိုလာရောက်စဉ် ဒဏ်ရာများဖြင့်တွေ့ရှိရသဖြင့် ရသေ့တောင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် အသက်ဆုံးရှုံးသွားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ဖြစ်သွားတာကို ဘာပြောလို့ရတော့မှာလဲ။ ကောက်ရလို့ သူ့ဘာသာသူဖြစ်သွားတာကို ” ဟု ဦးမောင်လှဖြူက ပြောသည်။
လက်ရှိတွင် မောင်အောင်ဝင်းထွန်းကို ရသေ့တောင်မြို့နယ်ဆေးရုံ ခွဲစိပ်ခန်းသို့ပို့ဆောင်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲရာမှ ကျည်စများ ထိမှန်ပြီး ဗောဓိကိုင်းကျေးရွာက လူငယ်(၄) ဦး ဒဏ်ရာရရှိသွားကာ အမျိုးသမီးတစ်ဦးမှာ အနည်းငယ်ဒဏ်ရာ ပြင်းထန်၍ ရသေ့တောင်မြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည်။







