ရခိုင့်ဦးဆောင်ပါတီ(AFP)ကို နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၁၁ ရက်နေ့က မှတ်ပုံတင်ခွင့်ပြုလိုက်သည်။
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ပြည့်မီအောင် စည်းရုံးပြီး ပါတီဝင်အင်အားစာရင်းကို မြို့နယ်အလိုက် စုစည်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။
“ကျနော်တို့ လက်ထဲကို ဇန်နဝါရီလ ၁၁ ရက် နေ့စွဲနဲ့ ဒီနေ့ရောက်လာတယ်” ဟု ရခိုင့်ဦးဆောင်ပါတီ ဒု - ခေါင်းဆောင် ဦးစိုးဝင်းက ပြောသည်။
ရခိုင့်ဦးဆောင်ပါတီမှာ ယခင်က အဖရခိုင်ပါတီအမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့ရာ “အဖ” ဟူသည့် စကားလုံး ပါဝင်နေသောကြောင့် ကော်မရှင်က ခွင့်မပြုခဲ့ပေ။ ယင်းနောက်ပိုင်းတွင် ရခိုင့်ဦးဆောင်ပါတီ အမည်သစ်ဖြင့် လျှောက်ခဲ့သောကြောင့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် ရရှိလာခြင်းဖြစ်သည်။
ယင်းပါတီကို မိမိဦးဆောင်ခြင်းဟု ဖမ်းဆီးခံထားရသည့် ဒေါက်တာအေးမောင်က စက်တင်ဘာလ ၁၄ ရက်နေ့က ပြောခဲ့သည်။
ယင်းနှင့်ပတ်သတ်ပြီး ဦးစိုးဝင်းက “သူ(ဒေါက်တာအေးမောင်)ကတော့ စာရင်းမှာတော့ မပါဘူး။ ဒါပေမယ့် သူပြောတာတော့ ဟုတ်တာပေါ့” ဟု အောက်တိုဘာလ ဒုတိယပတ်တွင် DMG ကို ပြောဆိုခဲ့သည်။
ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ တာဝန်က နုတ်ထွက်ကြောင်း တင်ပြထားသော်လည်း ANP က နုတ်ထွက်ခွင့်မပေးသေးပေ။
အဆိုပါ ရခိုင့်ဦးဆောင်ပါတီ၏ ဦးဆောင်သူများထဲတွင် ဒေါက်တာအေးမောင်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းလည်း ပါဝင်သည်။ ၎င်းသည် ပါတီတည်ထောင်ခွင့် မရရှိသောကြောင့် ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။







