ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာပါ အချက်အလက်များ အခြေခံပြီး Eleven မီဒီယာက ရေးသားခဲ့သည့် သတင်းဆောင်းပါးတွင် ပါဝင်သည့်အချက်အလက် အချို့မှားယွင်းသောကြောင့် သတင်းအချက်အလက် အမှန်ကို ပြန်လည်ရေးသားဖော်ပြမည် ဖြစ်ကြောင်း Eleven Media မှ ဘုတ်ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးဝေဖြိုးက ပြောဆိုခဲ့သည်။
“ဝန်ကြီးချုပ်ရဲ့ရှင်းပြချက်အရ ကျွန်တော်တို့ရဲ့ ဖော်ပြချက်တွေမှာ လွဲမှားတာတွေ ရှိနေတယ်။ အမှန်ကတော့ ဝန်ကြီးချုပ် စောစောက ရှင်းပြသွားတဲ့ အချက်အလက်ကို ပြန်လည်ဖော်ပြပါမယ်။ အဲ့ဒါဆိုအမှန်သိသွားပြီ။ ကျွန်တော်တို့ဖော်ပြချက်က တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုလွဲသွားတဲ့ဟာမျိုးရှိခဲ့ရင်တော့ ကျွန်တော်တို့အနေနဲ့ စိတ်မကောင်းဘူး။ ဒါကိုအများပြည်သူသိအောင် ပြန်ရေးပေးမယ်” ဟု ဦးဝေဖြိုးက ဆိုသည်။
ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့သတင်းမီဒီယာကောင်စီတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ Eleven မီဒီယာမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များအကြား ညှိနှိုင်းစဉ် Eleven မီဒီယာမှ တာဝန်ရှိသူ ဦးဝေဖြိုးက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
Eleven Media မှ ယင်းသို့ အချက်အလက်အမှန်ကို ပြန်လည်ရေးသားပေးမည်ဆိုသည့် ကမ်းလှမ်းချက်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ဖတ်ရှုပြီး လက်ခံမည်ဟုလည်း ပြန်လည်ပြောဆိုခဲ့သည်။
“ဒီအာဘော်ရေးထားတာကို ဖတ်ကြည့်ပါ။ ဒီကောက်ချက်ကို ရနိုင်ဖို့အတွက် ကောက်ချက်ကအရင်ထွက်နေပြီးမှ ဒေတာတွေကို လိုက်ထည့်သလိုဖြစ်နေတဲ့ဆောင်းပါး။ ဒါကြောင့်မို့ ကျွန်တော်နေရာကမဟုတ်ဘူး။ သာမန်စာဖတ်တဲ့ ပညာရှိ ကဲ့ရဲ့စရာမဖြစ်အောင် ရပ်တည်ဆောင်ရွက်ကြရမှာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
အောက်တိုဘာလ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သည့် “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါး ပါအချက်အလက်၊ အကြောင်းအရာများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရ နှင့် Eleven မီဒီယာအကြား အငြင်းပွားမှုဖြစ်နေခြင်းဖြစ်သည်။
ဆောင်းပါးပါအချက်အလက်အချို့မှားယွင်းကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပြီး Eleven ဘက်ကမူ ဆောင်းပါးပါအချက်အလက်များသည် လွှတ်တော်ကိုယ်စားလှယ်နှင့် စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ် ကိုးကားဖော်ပြခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး Eleven မီဒီယာ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း ၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် အကြီးတန်းအယ်ဒီတာ ကိုဖြိုးဝေ တို့အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားစွဲဆိုခဲ့ပြီးနောက် အမှုကို တရားရှင်ရုပ်သိမ်းကာ သတင်းမီဒီယာကောင်စီမှ တဆင့် ညှိနှိုင်းနေခြင်းလည်း ဖြစ်သည်။







