မောင်တောမြို့နယ်ရှိ သင်္ဘောကွေ့ရွာသစ် တည်ထောင်သူနှစ်ဦး ယနေ့(ဇန်နဝါရီလ ၃ ရက်)တွင် ပြစ်ဒဏ်ရက်စေ့၍ ဘူးသီးတောင်အကျဉ်းထောင်က လွတ်မြောက်လာသည်ဟု သူတို့၏ ရှေ့နေဦးခင်ဝင်းက DMG ကို ပြောသည်။
သင်္ဘောကွေ့ရွာသစ် တည်ထောင်သူ ကိုထွန်းမြင့်ဦးနှင့် ဇနီးဖြစ်သူ ဥမ္မာကျော်တို့ကို ခွင့်ပြုချက်မဲ့ ကျေးရွာတည်ဆောက်သည်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထောင်ဒဏ် (၆)လ ချမှတ်လိုက်ခြင်းဖြစ်သည်။ သူတို့သည် ဇူလိုင်လက စတင်ပြီး အမှုရင်ဆိုင်နေရခြင်း ဖြစ်သောကြောင့် ချုပ်ရက်ကို ထုတ်နှုတ်ခံစားခွင့် ရှိကြသည့်အတွက် ထောင်က လွတ်မြောက်လာခြင်း ဖြစ်သည်။
“သူတို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မောင်တောတရားရုံးက ပြစ်ဒဏ် ၆ လ ချမှတ်တယ်။ ထောင်ချုပ်ရက်၊ ထောင်လျှော့ရက်တွေနဲ့ ၆ လစေ့လို့ လွတ်လာတာဖြစ်ပါတယ်” ဟု ရှေ့နေ ဦးခင်ဝင်းက ဆိုသည်။
သင်္ဘောကွေ့ရွာတွင် ယခင်က ဘင်္ဂါလီများ နေထိုင်ခဲ့သောကြောင် သူတို့၏ မြေတွင် နေအိမ်များ တည်ဆောက်နေသည်ဟု နိုင်ငံတကာမှ စွပ်စွဲလာမည် သို့မဟုတ် ဖိအားပေးလာမည်ကို စိုးရိမ်၍ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးက တစ်ပတ်အတွင်း ဖယ်ပေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က သင်္ဘောကွေ့ရွာသားများကို ပြောဆိုခဲ့သည်။
ယင်းသင်္ဘောကွေ့ရွာတွင် နေထိုင်သူများကလည်း မူလက ရခိုင်များနေထိုင်ခဲ့သည့် မြေနေရာဖြစ်သောကြောင့် မဖယ်ရှားရန် ငြင်းဆန်ကြသည်။ သို့သော်လည်း ဇူလိုင်လ ၉ ရက်နေ့တွင် အာဏာပိုင်များက အင်အားသုံး၍ ကျေးရွာကိုဖြိုဖျက်ခဲ့ကာ ကျေးရွာတည်ထောင်သူ ခေါင်းဆောင်များကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတပ်ပြီး ပြစ်ဒဏ် ၆ လချတာတော့ မတရားဘူးလို့ မြင်မိပါတယ်။ ဘာအတွက်လဲဆိုရင် သူတို့က ဒီရွာကိုတည်တာဟာ ဒေသလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးအတွက်ပဲ ဒီရွာကိုတည်တာဖြစ်တယ်။ နိုင်ငံတော်ကို ကာကွယ်ဖို့ပဲ ဖြစ်တယ်။ နိုင်ငံ့ဝန်ထမ်းတွေဖြစ်တဲ့ နယ်ခြားစောင့်တို့၊ ရဲတို့၊ တပ်မတော်တို့နဲ့ သူတို့ ရွာသားတွေ ဘာမှပြဿနာဖြစ်တာ မရှိဘူးလေ။ ဒါကြောင့် ဒီပြစ်ဒဏ်ဟာ မတရားချမှတ်တဲ့ ပြစ်ဒဏ်ပဲဖြစ်တယ်”ဟု ဦးထွန်းမြင့်ဦး ဖခင် ဦးစိန်အောင်က ပြောသည်။
သင်္ဘောကွေ့ကျေးရွာတွင် မြို့နယ်(၆ )ခုမှ လူဦးရေ (၂၀၀ )ခန့်ရှိသည့် အိမ်ထောင်စု (၄၈ )နေထိုင်ကြပြီး ရွာဖြိုဖျက်ခံရပြီးနောက်တွင် တစ်ချို့က မိမိနေရပ်များသို့ ပြန်သွားကြပြီး တစ်ချို့က မောင်တောဒေသတွင်သာ အခြေချနေထိုင်ကြလျက်ရှိပြီး မြေနေရာအသစ်ရရှိရန် မျှော်လင့်ချက်များ ရှိနေကြသည်။
အစိုးရက သူတို့အတွက် တရားဝင် မြေနေရာအသစ်ပေးရန် ကတိပြုသော်လည်း လက်ရှိအချိန်အထိ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း မရှိသေးပေ။







