(၂၀၁၆ ခုနှစ် တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် စည်တောင်ကျေးရွာသို့ ရောက်ရှိခိုလှုံလာသည့် စစ်ဘေးရှောင်များစခန်း၊ အဆိုပါစခန်းတွင် လူဦးရေ ၄၀၀ ကျော်နေထိုင်လျက်ရှိသည်။)
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာအနီးတွင် ယနေ့ (ဇန်နဝါရီလ ၁ ရက်)၊ နံနက် ၉ နာရီကျော် အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွှန့်က DMG ကို ပြောသည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသူရွာသားများမှာ စိုးရိမ်ထိတ်လန့်ပြီး ရွာက စွန့်ခွာထွက်ပြေးရန် ပြင်ဆင်နေကြသည်ဟုလည်း ဦးမောင်သိန်းညွန့်က ဆိုသည်။
"မနက် ၉ နာရီက စတင်ပြီးတော့ လက်နက်ကြီးသံ၊ လက်နက်ငယ်သံတွေ ကြားနေရပါတယ်။ တိုက်ပွဲသံက အလွန်ကြောက်စရာပါ။ လက်နက်ကြီးသံ၊ လက်နက်ငယ်သံတွေ ဆူညံနေပါတယ်။ ရွာသူရွာသားတွေကတော့ အလွန်ထိတ်လန့်ပြီး ထွက်ပြေးဖို့ လုပ်နေကြပါတယ်” ဟု ၎င်းက ပြောသည်။
စည်တောင်နှင့် ကံပြင်ကျေးရွာအကြားတွင် ယနေ့ နံနက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း ရက္ခိုင့်တပ်မတော်(AA)က အတည်ပြုထုတ်ပြန်ထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒီဇင်ဘာ(၂၁) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် နေ့ရက်မှစတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ ရခိုင်ပြည်အတွင်း၌ ရက်အနည်းငယ်မှလွဲ၍ ကျန်ရက်များတွင် ထိတွေ့တိုက်ခိုက်မှုများ နေ့တိုင်းရှိခဲ့သည်ဟု AA က ဆိုထားသည်။
ယင်းအပြင် တပ်မတော်သည် ထိုးစစ်နှင့်အတူ ဖြတ်လေးဖြတ် စစ်ဆင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသောကြောင့် ရခိုင်ဒေသအတွင်း နောက်ထပ်တိုက်ပွဲများ ထပ်မံမြင့်တက်လာဖွယ် ရှိသည်ဟုလည်း AA က သုံးသပ်ထားသည်။
တပ်မတော်အနေဖြင့် ရခိုင်ဒေသမှလွဲ၍ အခြားတိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် တစ်ဖက်သတ် စစ်ဆင်ရေးများကို ရက်ပေါင်း(၁၂၀) ကြာ ရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ကြေငြာခြင်း ဆိုသည်မှာ ရက္ခိုင့်တပ်မတော်အား ရက်(၁၂၀) အတွင်း အမြစ်ဖြုတ်အပြတ်ချေမှုန်းမည်ဟု ပြောကြားလိုက်ခြင်းပင်ဖြစ်ပြီး ရက္ခိုင့်တပ်မတော်အား သွယ်ဝိုက်ကာ တစ်ဖက်သတ် စစ်ကြေငြာလိုက်ခြင်းဖြစ်သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသောကြောင့် အဆက်အသွယ် မရရှိခဲ့ပေ။







